News

POST TYPE

NEWS

စတစ်ကာကပ်သည့် တက္ကစီများကို လုပ်ငန်းလိုင်စင် ဖျက်သိမ်း
14-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၄

တိုင်းအစိုးရအဖွဲ့၏ စီမံချက်ဖြင့် အငှားတက္ကစီယာဉ်များ ကားမှန်တွင် စတစ်ကာ ကပ်ခြင်းကို စစ်ဆေးအရေးယူရာ၌ အက္ခရာ တွဲများဖြစ်သည့် AA, BB ရာသက်ပန် အငှားတက္ကစီယာဉ်များကို စီးလုံးငှား ခရီးသည်တင်လိုင်စင် (“ဂ”လိုင်စင်)ဖျက်သိမ်းပြီး အိမ်စီးကားအဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“စတစ်ကာကပ်လို့ ဖမ်းဆီးရမိတဲ့ AA, BB အက္ခရာတွဲ အငှားယာဉ်တွေက ရာသက်ပန် အငှားယာဉ်တွေ ဖြစ်တဲ့အတွက် “ဂ”လုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းတယ်။ လိုင်စင်အနီနဲ့ပဲ အိမ်စီးကား ပြောင်းလိုက်တယ်။ ကိုယ်ပိုင်ပဲ အသုံးပြုလို့ရမယ်။စီးပွားဖြစ်သုံးလို့ မရဘူး။ ခရီးသည်တင်လို့ လုံးဝမရဘူး”ဟု ၎င်းကဆိုသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်က ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် တက္ကစီ အားလုံး ကားမှန်များတွင် စတစ်ကာအမည်း၊ လေစုပ်ခွက်၊ ကြော်ငြာကပ်ခြင်းနှင့် လိုက်ကာများ ကာရံ၍ မောင်းနှင်ပါက လုပ်ငန်းလိုင်စင် သိမ်းသည့်အထိ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသည့် အငှားတက္ကစီယာဉ်များတွင် အက္ခရာတွဲမဟုတ်သည့် အငှားတက္ကစီယာဉ်များမှာ စင်းလုံးငှား “ဂ”လိုင်စင်ကိုဖျက်သိမ်းပြီး နံပါတ်အနက်ဖြင့် အိမ်စီးကားအဖြစ်ပြောင်းကာ AA အက္ခရာတွဲ ယာဉ်များကို နံပါတ်အနီဖြင့် အိမ်စီးကားအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ စတစ်ကာကပ်သည့် အငှားတက္ကစီယာဉ်များကို ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆေးလျက်ရှိပြီး အငှားတက္ကစီယာဉ် ၉၉ စီးကို ဖမ်းဆီးရမိထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
 
ဖမ်းဆီးရမိထားသည့် အငှားတက္ကစီယာဉ် ၉၉ စီးကို ထပ်မံစိစစ်ရာတွင် စီးလုံး ငှား “ဂ”လုပ်ငန်းလိုင်စင် ပြုလုပ်ထားသည့် ယာဉ် ၆၆ စီးရှိသာရှိပြီး “က”ကုန်တင်လုပ်ငန်းလိုင်စင်နံပါတ်ဖြင့် အငှားတက္ကစီယာဉ်အဖြစ် နှစ်စီးပြေးဆွဲမှုရှိကာ လုပ်ငန်းလိုင်စင်စာရင်းတွင်မရှိသော ယာဉ်စီးရေ ၂၀ စီးတို့ကို စစ်ဆေးတွေ့ရှိကြောင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ သိရသည်။

ထို့ကြောင့် “ဂ”လုပ်ငန်းလိုင်စင် ပြုလုပ်ထားသည့်ယာဉ် ၆၆ စီးကို လိုင်စင်ဖျက်သိမ်းထားပြီး “က”ကုန်တင်လုပ်ငန်းလိုင်စင်ယာဉ်နှင့် လုပ်ငန်းလိုင်စင်စာရင်းတွင် မရှိသောယာဉ်များကို ထပ်မံ စိစစ်အရေးယူနိုင်ရန် သက်ဆိုင်ရာဌာနသို့ တင်ပြမည်ဖြစ်ကြောင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေးညှိနှိုင်းမှုဌာနမှ ဆက်လက်သိရသည်။

စည်းကမ်းလိုက်နာခြင်း မရှိသည့် အငှားတက္ကစီယာဉ်များကို စစ်ဆေးအရေးယူလျက်ရှိပြီး ဖမ်းဆီးရမိပါက ကနဦး ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ ဒဏ်ငွေ ကျပ်သုံးသောင်း ဒဏ်ရိုက်အရေးယူပြီး လုပ်ငန်းလိုင်စင် ဖျက်သိမ်းခြင်း ပြစ်ဒဏ်ကို ဆက်လက် အရေးယူရန် တိုင်းအစိုးရအဖွဲ့ကို တင်ပြကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် အငှားတက္ကစီယာဉ် ၆၈,၀၀၀ စီးကျော်ရှိပြီး ရာသက်ပန် အငှားတက္ကစီ AA, BB, CC, DD ယာဉ်မှာ ၄၀,၄၂၉ စီးရှိကာ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားသည့်ယာဉ် ၃၅,၀၈၀ စီးကျော်နှင့် ထပ်မံ စာရင်းပေးထားသည့်ယာဉ် နှစ်သောင်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

J-06