POST TYPE

NEWS

စင်္ကာပူကို ကျော်မတက်ခင် ထိုင်းကို အမီလိုက်ကြပါစို့
14-Jul-2018

ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့မှာရှိတဲ့ ခွန်နမ့်ဒွိုင်နန်းနွန်း (Doi Nang Noon) တောင်ခြေအနီးက ထမ့်လွမ်ဆိုတဲ့ လိုဏ်ဂူထဲကို ဝင်ရောက်သွားကြတဲ့ အသက် ၁၁ နှစ်မှ ၁၆ နှစ်အတွင်းရှိ တောဝက်ဘောလုံးအသင်းက ကစားသမား ကလေးငယ် ၁၂ ဦးနဲ့ အသက် ၂၅ နှစ်ရှိတဲ့ နည်းပြဆရာတို့ကို ၁၅ ရက် မြောက်နေ့ (၈.၇.၂၀၁၈)မှာ စတင် ကယ်ထုတ်ခဲ့တာ စုစုပေါင်းကယ်ထုတ်ချိန် သုံးရက်အကြာ (၁၀.၇.၂၀၁၈) နေ့ ညဦးပိုင်းမှာ အားလုံးကို အန္တရာယ်ကင်းစွာ၊ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ကလေးငယ်တွေ စတင်ပျောက်ဆုံးတဲ့အချိန်ကစလို့ ဒီသတင်းဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးကိုပျံ့နှံ့သွားပါတယ်။ ကာယကံရှင် မိဘတွေအတွက် ဘယ်လောက်ပူဆွေးသောက ရောက်တယ်ဆိုတာတော့ မပြောနဲ့တော့ လူသားစိတ်ရှိသူအားလုံးဟာ ရင်တထိတ်ထိတ်နဲ့ အချိန်အားရသမျှ ဒီသတင်းကိုပဲ စောင့်မျှော်ကြည့်ရှု နားထောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ မိခင်စိတ်ရှိသူ၊ မိဘချင်းကိုယ်ချင်းစာသူအားလုံးဟာ မိမိတို့ဘာသာ တရားအလိုက် မေတ္တာပို့ဆုတောင်းကြပါတယ်။ ထိုင်းနဲ့မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်ကြတဲ့ မိုင်းဖုန်း ဆရာတော်ကြီးဆို လိုဏ်ဂူရှိရာအရောက်သွားပြီး မေတ္တာပို့ဆုတောင်းပေးခဲ့ပါတယ်။

စတင်ပျောက်ဆုံးတဲ့အချိန်ကနေ ၁၀ ရက်မြောက်မှာတော့ ကလေးတွေကို စတင်တွေ့ရှိပြီဆိုတဲ့သတင်းနဲ့အတူ ကမ္ဘာတစ်ဝန်းကစောင့်မျှော်ကြည့်ရှုနေကြသူအားလုံး ပြုံးပျော်ရွှင်မြူးခဲ့ကြရပါတယ်။ ဒါပေမဲ့ လိုဏ်ဂူထဲကို ဝင်ရောက်ရမယ့်လမ်းကြောင်းဟာ ရွှံ့နွံတွေရှိနေပြီး တချို့နေရာတွေမှာ ကျဉ်းမြောင်းလှသလို တချို့နေရာတွေမှာ ရေအပြည့်ဖြစ်နေတဲ့အတွက် ကလေးတွေကို ရေထဲကဖြတ်ခေါ်လာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရေငုပ်အလေ့အကျင့်မရှိတဲ့အပြင် ဆယ်ရက်လောက် အစာရေစာပြတ်လပ်နေတဲ့အတွက် သူတို့ကိုကယ်ထုတ်ရေးဟာ တော်တော်ကိုစွန့်စားရမှာဖြစ်ပြီး အလွန်အန္တရာယ်များလှပါတယ်။

ဒါကြောင့် ရေကူးကျွမ်းကျင်တဲ့ဆရာဝန်တွေက သူတို့ရှိရာကိုသွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့ကြသလို ရေငုပ်သမားများကလည်း ကလေးတွေကို ရေငုပ်လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။ အဲသလိုပဲ လိုဏ်ဂူရဲ့ပြင်ပမှာဆိုရင်လည်း ရေပိုက်ကြီးငယ်မျိုးစုံနဲ့ လိုဏ်ဂူထဲကရေတွေ လျော့ကျသွားအောင် အပြင်းအထန် စုပ်ထုတ်နေကြတာပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြီးမှာ ထူးခြားတာကတော့ ကမ္ဘာ့နိုင်ငံ ဆယ်နိုင်ငံလောက်က တပ်မတော်သားတွေ၊ ရေငုပ်ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေနဲ့ တခြားပညာရှင်တွေ အမြောက်အမြား ပါဝင်ကူညီခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ် ကမ္ဘာကျော်သည်အထိ ဖြစ်သွားရတာကတော့ ကမ္ဘာပေါ်မှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်တစ်ခုဖြစ်သလို လိုဏ်ဂူရဲ့အနေအထားကလည်း ထူးခြားဆန်းပြားပြီး စိတ်ဝင်စားစရာကောင်းလှပါတယ်။ နောက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးက ကျွမ်းကျင်းသူတွေ၊ ပညာရှင်တွေ လာရောက်ကူညီကြသလို ထိုင်းမီဒီယာတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကလည်း အများကိုပိုပြီး စိတ်ဝင်စားမှုမြင့်တက်စေတာလည်း ဖြစ်ပါ တယ်။

ဒါကြောင့် ဒီဖြစ်စဉ်ကြီးကနေ ကျွန်တော်တို့အနေနဲ့ (ယူတတ်မယ်ဆိုရင်) ယူစရာသင်ခန်းစာတွေ အများကြီးရနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီဖြစ်စဉ်ကနေ ရယူသင့်တဲ့သင်ခန်းစာတွေကို ဉာဏ်မီသလောက်စဉ်းစားပြီး မျှဝေလိုက်ပါတယ်။

ယုံကြည်မှု 

ပထမဆုံးရလိုက်တဲ့သင်ခန်းစာကတော့ မိမိကိုယ်မိမိယုံကြည်မှုနဲ့ တခြားသူများအပေါ် ယုံကြည်မှုပဲဖြစ်ပါတယ်။ ဒီလိုရေတွေပြည့်လျှံနေပြီး လေဝင်ပေါက်ကကောင်းကောင်းမရှိ၊ အစားအသောက်က ဘယ်လောက်ပါသွားမှန်းမသိတဲ့အခြေအနေမှာ မိဘတွေအပါအဝင် တာဝန်ရှိတဲ့ အဆင့်ဆင့်သောအာဏာပိုင်အဖွဲ့အစည်းတွေ အားလုံး (ထိုင်းဘုရင်ကအစ ကူညီကယ်ဆယ်သူတွေအဆုံး) နဲ့ ကမ္ဘာတစ်ဝန်းက စောင့်မျှော်ကြည့်ရှုနေကြသူတွေဟာ ဒီကလေးတွေကို အသက်ရှင်လျက်ပြန်တွေ့မယ်ဆိုတာကို ယုံကြည်မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။ ပြန်ပြီးရှာတွေ့မယ်လို့တောင် မမျှော်လင့်နိုင်တဲ့အခြေအနေမှာ အသက်ရှင်လျက်ပြန်တွေ့နိုင်မယ်ဆိုတာ တော်ရုံတန်ရုံ ယုံကြည်မှုနဲ့မရနိုင်ပါဘူး။

ဒါဟာ ဘာကိုပြသလဲဆိုရင် ထိုင်းဘုရင်ကြီးရဲ့ ကြီးမားတဲ့မေတ္တာတရားနဲ့ ငွေတွေဘယ်လောက်ကုန်ကုန်၊ မတွေ့တွေ့အောင်ရှာရမယ်ဆိုတဲ့ မိန့်မှာကြားချက်အပေါ်မှာ နိုင်ငံတကာအကူအညီတွေကိုပါ တောင်းခံပြီး မိမိနိုင်ငံအတွင်းက အဖွဲ့အစည်းတွေကို ပြတ်သားတဲ့အမိန့်နဲ့ တာဝန်ပေးအပ်တဲ့ ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့၊ ပြည်တွင်းနဲ့ပြည်ပက ကျွမ်းကျင်းသူပညာရှင်တွေနဲ့ ရေငုပ်သမားတွေ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချင်းချင်း အပြန်အလှန် ယုံကြည်ကြခြင်းပဲဖြစ်ပါတယ်။ အဲဒါအပြင် ဂူထဲက နည်းပြဆရာနဲ့ ကလေးတွေကလည်း ငါတို့အတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်နေကြလိမ့်မယ်။ ငါတို့ကို ကူညီကယ်ဆယ်မယ့်သူတွေ မကြာခင်ရောက် လာကြလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နည်းပြဆရာရဲ့ ဦးဆောင်မှုကို လိုက်နာကြပြီး အသက်ရှင်အောင် နေထိုင်ကျင့်ကြံနေခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ (မယုံကြည်ကြသူတွေကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက တချို့ သူတွေပဲဖြစ်ပါတယ်။ သေနေလောက်ပါပြီကွာတို့၊ ရှာတွေ့မှာမဟုတ်ပါဘူးတို့ စသည်ဖြင့်)။

စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းပါဝင်မှု

အတုယူသင့်တဲ့ ဒုတိယအချက်တစ်ခုကတော့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းပါဝင်ကူညီမှုပဲဖြစ်ပါတယ်။ ဘယ်လောက်အထိ စည်းလုံးညီညွတ်မှုရှိကြသလဲဆိုတာကတော့ အတော်များများ မြင်တွေ့သိရှိကြပြီးဖြစ်လို့ အထူးပြောစရာတောင်မလိုတော့ပါဘူး။ လုပ်ကိုင်ဆောင်ရွက်နေမှုတွေ၊ ပြောကြားမှုတွေကို အကဲခတ်ရခြင်းအားဖြင့် (လူတစ်ယောက်တည်းက လုပ်ကိုင်ပြောဆိုနေတယ်လို့ ထင်ရလောက်အောင်) တစ်သွေးတည်း၊ တစ်သံတည်း ဖြစ်နေကြတာပါ။ အစိုးရတာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းလုပ်အား ပေးတွေကို ပြည်သူတွေက အစားအသောက်တွေ လာရောက်ကျွေးမွေးကြတာ၊ သန့်ရှင်းရေးလာလုပ်ပေးကြတာအပြင် တချို့ဆို လာရောက်နှိပ်နယ်ပေးကြတဲ့အထိ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေကို မြင်တွေ့ရသလို၊ လယ်သမားတွေရဲ့လယ်မြေတွေထဲကို ရေတွေဝင်ပြီးပျက်စီးတဲ့အတွက် သတင်းသမားတွေက မေးမြန်းတဲ့အခါမှာ လယ်သမားတွေက သူ့လယ်မြေထက် လူ့ရဲ့အသက်ကပိုပြီး အရေးကြီးပါတယ်လို့ ပြောခဲ့တာဟာလည်း အံ့မခန်းစွန့်လွှတ်မှုပါပဲ။

ပိုပြီးအားကျစရာကောင်းတာက နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေ စေတနာ့ဝန်ထမ်း လာရောက်ကူညီကြတာပဲဖြစ်ပါတယ်။ ဒီလို ကူညီကြတယ်ဆိုတာဟာလည်း လူသားချင်း စာနာစိတ်ရှိကြတဲ့အပြင်၊ ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေအပေါ် ချစ်ခင်နှစ်သက်ကြလို့ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ သာယာလှပတဲ့ ရှုခင်းရှုကွက်တွေအပြင် ထိုင်းလူမျိုးတွေရဲ့ ဖော်ရွေဧည့်ဝတ်ကျေပွန်မှု၊ ခရီးသွားလာရတာ လွယ်ကူအဆင်ပြေမှု စတာတွေကြောင့်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းမှာ ထိုင်းကိုမီဖို့ဆိုရင် ခရီးသွားလာရေး လွယ်ကူအဆင်ပြေမှုအပါအဝင် အများကြီးလုပ်ရဦးမှာဖြစ်ပါတယ်။

တာဝန်ခွဲဝေယူမှုနဲ့ စည်းကမ်းလိုက်နာမှု

ပြီးခဲ့တဲ့ဖြစ်စဉ်ကြီးတစ်ခုလုံးကို ကြည့်လိုက်ရင် လုပ်ငန်းအသီးသီးကို မိမိအဖွဲ့အစည်းအလိုက် စနစ်တကျခွဲဝေတာဝန်ယူမှုဟာ သိသာထင်ရှားပါတယ်။ သတင်းတစ်ခုဖတ်လိုက်ရတာက ဗိုလ်ချုပ်တစ်ယောက်ကို သတင်းသမားတစ်ဦးက ကယ်ဆယ်ရေးအစီအမံတွေနဲ့ ကယ်ဆယ်ရေးအခြေအနေတွေကို မေးမြန်းတဲ့အခါ အဲဒီဗိုလ်ချုပ်က သူ့အနေနဲ့ ဘာမှမသိကြောင်း၊ သူ့တာဝန်ကတော့ လိုဏ်ဂူထဲကထွက်လာတဲ့ရေတွေကို သတ်မှတ်ထားတဲ့ နေရာတွေရောက်အောင် ခွဲပို့ပေးရတဲ့တာဝန်သာဖြစ်ကြောင်း ဖြေကြားတယ်လို့သိရပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် စနစ်ကျတဲ့စီမံခန့်ခွဲမှုကို အားလုံးက တိကျစွာလိုက်နာဆောင်ရွက်ကြပြီး ငါရာထူးကြီးတာပဲဆိုပြီး နေရာတကာလိုက်ပါနေတာတွေ၊ ကိုယ်နဲ့မဆိုင်တဲ့၊ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာဝင်ရောက်ပြီး ဆရာကြီးလုပ်နေတာတွေ မရှိတဲ့သဘောကိုပြတာပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာကအကျင့်စွဲလာတဲ့ နေရာတကာ ငါသိ ငါတတ် ငါဆရာဆိုတဲ့ လူပုဂ္ဂိုလ်တွေ ကျန်နေသေးတယ်ဆိုရင် အတုယူလိုက်နာစရာပါ။

စည်းကမ်းလိုက်နာမှုနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်လည်း နိုင်ငံပေါင်းစုံ၊ ပညာရှင်ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ ရှိနေတဲ့နေရာမှာ တစ်ဦးနဲ့ တစ်ဦး၊ အကြာကြီး သဘောထားကွဲနေတာ၊ ငြင်းခုံနေကြတာများမတွေ့ရဘဲ ပညာရှင်အချင်းချင်း ညှိနှိုင်းကြပြီး အကောင်းဆုံးနည်းလမ်းကို အားလုံးက လိုက်နာဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့စိတ်ပူမိတာက ကိုယ့်နိုင်ငံမှာလို တစ်ယောက်တစ်ပေါက် ငြင်းခုံနေကြပြီး တစ်ခုတည်းသော ကယ်ဆယ်ရေးနည်းလမ်း ထွက်မလာဘဲ ရက်တွေများကြာနေမှာလားလို့ စိုးရိမ်မိတာပါပဲ။

သတင်းလုံခြုံမှုနဲ့ မီဒီယာအဖွဲ့များ

ဒီဖြစ်စဉ်ကြီးမှာ ထူးထူးခြားခြား သတိထားမိတာကတော့ သတင်းလုံခြုံရေးကိစ္စပဲဖြစ်ပါတယ်။ အစောပိုင်းမှာတော့ မီဒီယာသမားတွေကို လွတ်လပ်စွာ သတင်းယူခွင့်၊ မေးမြန်းခွင့်ပြုထားပေမယ့် ကလေးတွေကို စတင်ကယ်ထုတ်တဲ့အချိန်ကစပြီး သတင်းသမားတွေကို နယ်မြေကန့်သတ်တာ၊ မေးမြန်းခွင့်ကန့်သတ်တာတွေ လုပ်ပါတယ်။ အဲဒါအပြင် ကလေးတွေကို ကယ်ထုတ်မယ့်အစီအစဉ်နဲ့ ကယ်ထုတ်လာမယ့် ဦးစားပေးအစီအစဉ် (အမည်စာရင်း) ကို လုံးဝထုတ်ဖော်မပြောပါဘူး။ အပြင်ကိုရောက်ပြီးတော့လည်း ဘယ်သူဘယ်ဝါ အပြင်ကိုရောက်တယ်ဆိုတာကို လုံးဝထုတ်ဖော်မပြောပါဘူး။

တာဝန်ရှိသူတွေရဲ့အကြောင်းပြချက်ကတော့ ပြောလိုက်ရင် အထဲမှာကျန်ရစ်တဲ့ကလေးတွေရဲ့ မိဘတွေအနေနဲ့ စိုးရိမ်စိတ်တွေလွန်ကဲသွားမှာစိုးလို့ဖြစ်ပါတယ်။ မီဒီယာတွေအနေနဲ့ကလည်း ဒီကိစ္စကို နားလည်မှုပြည့်ဝစွာနဲ့ လိုက်နာစောင့်ထိန်းပြီး မိမိတို့အတွက်ပေးထားတဲ့နေရာမှာပဲနေကြပါတယ်။ (မြန်မာနိုင်ငံမှာဆိုရင်တော့ သတင်းလွတ်လပ်ခွင့် ဘာညာဆိုပြီးတော့ အော်ကြမလားမသိပါ။ (ဒါတောင်မှ သတင်းသမားတစ်ဦးက ထုတ်ဖော်ပြောလိုက်မိလို့ ခေါ်ယူသတိပေးခြင်းခံရပါတယ်)။ ထွက်လာ တဲ့သတင်းတွေထဲမှာလည်း သတင်းမှားတချို့ ပါလာပါတယ်။ “ပထမနေ့မှာ ကလေးခြောက်ယောက်ထွက်လာပြီ၊ နည်းပြကို ပထမဦးဆုံးခေါ် ထုတ်လာတယ်” စသည်တို့ဖြစ်ပါတယ်။

ပညာရှင်ကို အာဏာပိုင်က ဝင်မစွက်

မိဘဆိုတာကတော့ ကိုယ့်သားသမီးကို အမြန်ဆုံး အပြင်ကိုရောက်စေချင်တာပါပဲ။ ဒါပေမဲ့ ဂူထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပြီး စိတ်ချရပြီဆိုတော့မှ ကယ်ဆယ်ရေးအစီအစဉ်တွေကို စတင်ခဲ့တာပဲဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စမှာဖြစ်စေ၊ ကယ်ဆယ်ရေးအစီအစဉ် ဆောင်ရွက်ရာမှာဖြစ်စေ၊ အစိုးရအနေနဲ့ လိုအပ်တာတွေ ကူညီဖြည့်ဆည်းပေးတာကလွဲလို့ ဝင်ရောက်လွှမ်းမိုးဩဇာပေးတာမျိုး မရှိဘူးဆိုတာကို ထုတ်လွှင့်နေတဲ့သတင်းများအရ အကဲခတ်လို့ရပါတယ်။ ကယ်ဆယ်ရေး အစီအစဉ်အရ ကလေးတွေအပြင်ရောက်တဲ့အခါမှာလည်း မိဘတွေကိုတောင် လုံးဝတွေ့ခွင့်မပေးပါဘူး။ ဒီကလေးတွေဟာ လေကောင်းလေသန့်မရဘဲ စွတ်စိုထိုင်းမှိုင်းတဲ့ လိုဏ်ဂူထဲမှာ ရက်ရှည်ကြာနေခဲ့ရတဲ့အတွက် သူတို့မှာ ကူးစက်ရောဂါတွေ ပါလာနိုင်ပါတယ်။ ဒါကြောင့်မို့ သူတို့တစ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဆေးစစ်ဆေးမှုတွေကိုပြုလုပ်ပြီး စိတ်ချရပြီဆိုတော့မှ မိဘတွေနဲ့ပေးတွေ့မှာ ဖြစ်ပါတယ်။

စိတ်ဓာတ်နဲ့စည်းကမ်းနဲ့ စနစ်ကျတဲ့စီမံခန့်ခွဲမှု

အားလုံးကိုခြုံကြည့်လိုက်ရင် ပြည်သူတွေအပေါ်ထားရှိတဲ့ အစိုးရရဲ့စိတ်စေတနာမှန်ကန်မှု၊ စနစ်ကျနပြီး ကောင်းမွန်တဲ့စီမံခန့်ခွဲမှု၊ နည်းပြဆရာနဲ့ကလေးတွေအားလုံးရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ပညာရှင်တွေ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေအားလုံးရဲ့ စိတ်ရှည်၊ သည်းခံ၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှုနဲ့ မိမိကိုယ်ကို ယုံကြည်မှု၊ သတင်းသမားတွေအပါအဝင် စေတနာ့ဝန်ထမ်း လာရောက်ကူညီကြသူတွေရဲ့ စည်းကမ်းလိုက်နာမှု၊ ပြည်သူတွေအားလုံးရဲ့ စိတ်ကောင်းစေတနာကောင်းမွန်မှုနဲ့ အကောင်းမြင်စိတ်ထားရှိမှု စတာတွေကြောင့် ယခု Operation ကြီးတစ်ခုလုံး အဆင်ပြေပြေ၊ ချောချောမွေ့မွေ့နဲ့ အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။

အဲဒါအပြင် လိုဏ်ဂူထဲကနေ ရေတွေစုပ်ထုတ်နေတာနဲ့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ရေငုပ်သမားတွေရဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ၊ လိုအပ်တဲ့ အောက်ဆီဂျင်ဘူးတွေ ပို့ဆောင်ခြင်း၊ ကြိုးများသွယ်တန်းခြင်း၊ ကလေးများကို ကျန်းမာရေးစောင့်ရှောက်ခြင်းနဲ့ ရေငုပ်လေ့ကျင့်ပေးခြင်း စတာတွေအပြင် ဂူအပြင်ကိုထွက်လာရင်လည်း မိဘနဲ့သတင်းသမားတွေကိုတွေ့ခွင့်မပေးဘဲ ဆေးရုံမှာလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို တစ်ဆက်တည်းပေးဖို့အထိ အမြော်အမြင်ကြီးစွာ ဟာကွက်မရှိအောင် ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ ကျွန်တော်တို့တစ်တွေ အနှစ် ၂၀ အတွင်း စင်ကာပူကိုကျော်တက်ဖို့ဆိုတာကို အိပ်မက်ထဲမှာ ခဏထားပြီး ထိုင်းနိုင်ငံကို အမီလိုက်နိုင်ဖို့အတွက် ကြိုးစားကြမယ်ဆိုရင် ပထမဆုံးပြင်ကြရမှာက အစိုးရရဲ့စီမံခန့်ခွဲရေးစနစ်နဲ့ ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှု၊ အပြုသဘောဆောင်တဲ့အမြင်များနဲ့ အစိုးရရဲ့ အများအကျိုးပြုလုပ်ငန်းတွေမှာ စိတ်ရင်းစေတနာဖြူစင်စွာနဲ့ အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ပဲဖြစ်ပါကြောင်း ထိုင်းနိုင်ငံ ထမ့်လွမ်ဂူအတွင်းက ဘောလုံးသမားကလေးတွေရဲ့ ကယ်ထုတ်တဲ့ဖြစ်စဉ်ကို နမူနာယူပြီး တင်ပြလိုက်ရပါတယ် ...။

သိန်းထက်အောင်