News

POST TYPE

NEWS

မန္တလေးတက္ကသိုလ် လုံခြုံရေးတိုးမြှင့်
13-Jul-2018
မန္တလေး၊ ဇူလိုင် ၁၂

လုံခြုံရေးစနစ်အားနည်းသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်မှုဖြစ်ပေါ်ခဲ့ပြီးနောက် မန္တလေးတက္ကသိုလ်၏လုံခြုံရေးကို တိုးမြှင့်သည့်အနေနှင့် ဇူလိုင်လ ၁၁ ရက်နေ့မှစတင်ကာ တက္ကသိုလ်နှင့် မသက်ဆိုင်သူများ နေထိုင်မှုကို တားမြစ်ခဲ့ပြီး တက္ကသိုလ်အနောက်ဘက် ဝင်ပေါက်ကိုလည်း ယာယီပိတ်ထားလိုက်သည်။

မန္တလေးတက္ကသိုလ်သည် မြို့၏ပုံရိပ်ဖြစ်သောကြောင့် တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံမှုရှိရန်ရည်ရွယ်ကာ ယခုကဲ့သို့ စီမံရခြင်းဖြစ်ကြောင်း အဆိုပါ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောကြားသည်။

တက္ကသိုလ်ဝင်းအတွင်း၌ တက္ကသိုလ်ဝန်ထမ်းများသာမက ကျောက်ဆည်၊ စစ်ကိုင်းပညာရေး၊ မန္တလေးအဝေးသင်၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် မန္တလာဒီဂရီကောလိပ်မှဝန်ထမ်းများပါ လာရောက်နေထိုင်ခြင်းကြောင့် မန္တလေးတက္ကသိုလ်နှင့် မသက်ဆိုင်သူများ နေထိုင်ခြင်းကို တားမြစ်ရခြင်းဖြစ်ကြောင်း၊ ကြိုတင်အသိပေးသည့်အနေနှင့် တက္ကသိုလ်တွင် နေထိုင်ခွင့်ရသူများကို အကြောင်းကြားစာ ပေးပို့ထားကြောင်း၊ ဝန်ထမ်းများ နေရာချထားပေးသည့်အချိန်က ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန်လိုကြောင်း၊ မန္တလေးတက္ကသိုလ်သည် ဝင်ပေါက်နှစ်ခုရှိသည့်အနက် တစ်ခုမှာ ခြောက်လမ်းသွားလမ်းမကြီးအနီးတွင် ရှိသောကြောင့် ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပထမအဆင့်အနေနဲ့ နေခွင့်ပြုထားတဲ့ ကျွန်တော်တို့တက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေအားလုံးကို အသိပေးတားမြစ်ပါတယ်။ ဒါကိုလည်း အားလုံးကိုကြိုတင်အသိပေးပါတယ်”ဟု ဒေါက်တာတင်ထွန်းအောင်က ဆက်လက်ပြောဆိုသည်။

တက္ကသိုလ်လုံခြုံရေးသည် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား၊ ဝန်ထမ်းအားလုံးနှင့်သက်ဆိုင်ရာ လက်ရှိအချိန်တွင် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

“အနောက်ဘက်အပေါက် ပိတ်တယ်ဆိုတာ လုံခြုံရေးအရမှန်တယ်ဗျ။ အချိန်အတိုင်းအတာတစ်ခုထိ ယာယီပါ။ အမြဲပိတ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ သမဂ္ဂက တောင်းဆိုထားတဲ့ အချက်တော့မဟုတ်ပါဘူး။ တက္ကသိုလ်နဲ့ မသက်ဆိုင်တဲ့သူတွေ မနေရဘူးဆိုတာကလည်း လုံခြုံရေးအရ ထွက်လာတာလို့မြင်ပါတယ်။ စာထုတ်ဖို့လောက်အထိ တောင်းဆိုထားတာမဟုတ်ပေမယ့် ကျောင်းသားကျောင်းသူတွေ လုံခြုံသွားရင် ပိုကောင်းတယ်”ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ဒုဥက္ကဋ္ဌ (၁) ကိုစံမြတ်ထွန်းက ပြောဆိုသည်။

မန္တလေးတက္ကသိုလ် လုံခြုံရေးနှင့်ပတ်သက်၍ ဇူလိုင်လ ၉ ရက်က အဆိုပါ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အလုပ်အမှုဆောင်အဖွဲ့ဝင်သုံးဦးက ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသေးသည်။ 

M-07


  • VIA