POST TYPE

NEWS

ကုမ္ပဏီမီတာခ ပြန်ညှိပေးရန် ရေးဒေသခံများတောင်းဆို
13-Jul-2018



မော်လမြိုင်၊ ဇူလိုင် ၁၂

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းလုပ်ဆောင်နေသည့် Southern Myanmar Development ကုမ္ပဏီမှ လျှပ်စစ်မီးမီတာခ ကောက်ယူသည့်အပေါ် ဈေးနှုန်း ပြန်လည်ညှိနှိုင်းပေးရန် ဒေသခံများက ဇူလိုင်လ ၁၂ ရက်တွင် မွန်ပြည်နယ်လွှတ်တော်မှတစ်ဆင့် တောင်းဆိုသည်။

ရေးမြို့နယ်မြောက်ပိုင်းတွင် ပုဂ္ဂလိကပိုင် လျှပ်စစ်ကုမ္ပဏီမှ လျှပ်စစ်မီးဖြန့်ဖြူးရန်အတွက် ကျေးရွာပေါင်း ၉ ရွာကို လျှပ်စစ်မီးကြိုးများ သွယ်တန်းထားကြောင်း၊ ကျေးရွာအချို့မှာ မီးလင်းနေပြီး မီတာခကောက်ခံရာတွင် ယခင်သတ်မှတ်ထားသည့် ဈေးနှုန်းထက် ၂၀၀ ကျပ်ခန့်ပိုနေသည့်အတွက် ယခုကဲ့သို့ ပြန်လည်ညှိနှိုင်းပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း တောင်ပြင်ကျေးရွာမှ နိုင်အောက်စားက ပြောသည်။ 

“ပထမ သူတို့ပြောတုန်းက တစ်ယူနစ်ကို ၂၈၅ ကျပ်နဲ့ ကောက်မယ်၊ ဈေးနှုန်း အတက်အကျကိုတော့ ဆီဈေးပေါ်မူတည်ပြီး ၂၀ ရာခိုင်နှုန်း ဈေးတိုးဖို့တော့ပြောထားတယ်၊ အခုလက်ရှိမှာ မီးလင်းတဲ့ရွာတချို့မှာ ကောက်တဲ့ဈေးနှုန်းတွေကြောင့် ကျွန်တော်တို့ဘက်မှာတော့ ခဏရပ်ထားဖို့ ပြောထားပါတယ်”ဟု ၎င်းက ရှင်းပြသည်။ 

ကျေးရွာတွင် မီးလင်းသည်မှာ ၃ လခန့်ရှိနေပြီး ယခင်က လမ်းမီးကို ဒေသခံများပေးရန် မလိုဟုဆိုသော်လည်း ယခုအခါ လမ်းမီးအတွက် တစ်အိမ်ကို တစ်ထောင်ကျပ်ပေးဖို့ပြောကြောင်း၊ လူတိုင်းအတွက် အရေးပါနေသော လျှပ်စစ်မီးကိုဖြတ်တောက်ရန် မဖြစ်နိုင်သဖြင့် ပြန်လည်ညှိနှိုင်းရန်လိုအပ်ကြောင်း နှစ်ကရင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောသည်။ 

ကျေးရွာလမ်းများတွင် ထွန်းထားသည့် လမ်းမီးအတွက်ကို တစ်အိမ်လျှင် ၅၉၅၀ ကျပ် ပေးရကြောင်း၊ အိမ်သုံးလျှပ်စစ်မီးအတွက် တစ်ယူနစ်လျှင် ၄၂၅ ကျပ် ပေးဆောင်ရကြောင်း၊ အချို့အိမ်မှာ မီတာခ ၁ သိန်းကျော်အထိ ပေးဆောင်ရကြောင်း၊ ယင်းအပြင် မီတာထိန်းသိမ်းခကို တစ်လလျှင် ၅၀၀ ကျပ် ထပ်မံပေးဆောင်ရကြောင်း ၎င်းက ရှင်းပြသည်။

ဇွန်လ ၁၂ ရက်က မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက လျှပ်စစ်မီးကိစ္စရပ်နှင့်ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့ရာ ဒေသခံများမှာ အချက် (၅) ချက်ကို လွှတ်တော်မှတစ်ဆင့် ကုမ္ပဏီနှင့် ညှိနှိုင်းပေးရန် တောင်းဆိုခဲ့သည်။ 

တောင်းဆိုချက်များမှာ မီတာခနှုန်းထားတွက်ရာတွင် ဆီပေါက်ဈေးနှင့် တွက်ချက်သဖြင့် ရန်ကုန်ဆီပေါက်ဈေးနှင့် တွက်ချက်ပေးရန်၊ ဆီတစ်ဂါလန်ကို ၁၂ ယူနစ်သတ်မှတ်ပေးရန်၊ ဆီဈေး၏ လစဉ် ၁၅ ရက်နေ့ ပေါက်ဈေးအတိုင်း တွက်ချက်ပေးရန်၊ ဆီဈေးအတက်အကျကြောင့် မီတာခဈေးနှုန်း ၂၀ ရာခိုင်နှုန်း အတက်အကျအတွက် မီးလင်းရေးကော်မတီနှင့် ညှိနှိုင်းပြီးမှသာ ဈေးနှုန်းတင်ရန်၊ ကျေးရွာလမ်းများတွင် ထွန်းထားသည့် လမ်းမီးအတွက် တစ်အိမ်လျှင် ကျပ် ၁ ထောင်သာ သတ်မှတ်ပေးသွင်းရန် စသည့်အချက်တို့ကို တောင်းဆိုခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ 

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးကာ ရလာသည့် အချက်အလက်များကို စုစည်းပြီး လွှတ်တော်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေး၍ အစိုးရသော်လည်းကောင်း၊ ကုမ္ပဏီကို သော်လည်းကောင်း ခေါ်ယူ၍ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ 

R-21