News

POST TYPE

NEWS

မြဝတီ-ကော့ကရိတ်လမ်း မြေပြိုရှင်းလင်းမှု ၉၀ ရာခိုင်နှုန်းပြီးစီး
ဘားအံ၊ ဇူလိုင် ၁၂

မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည့် မြဝတီ-ကော့ကရိတ်လမ်းပိုင်း၌ မြေပြိုကျမှုများကို ရှင်းလင်းမှုလုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၁၂ နေ့၌ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည့်အတွက် ယာဉ်များသွားလာနိုင်ပြီဖြစ်ကြောင်း ကော့ကရိတ်ခရိုင်လမ်းဦးစီးဌာနထံမှ သိရသည်။

ရှင်းလင်းမှုများပြုလုပ်ရာတွင် မြေတူးမြေကော်ယာဉ် ဘက်ဟိုး ၂ စီး၊ မြေထိုးညှိသည့်ယာဉ် ဘူဒိုဇာ ၃ စီးတို့ဖြင့် ဆောင်ရွက်နေပြီး စက်ယန္တရားများဖြင့် လုပ်ဆောင်နေသည့်အတွက် ယာဉ်များကို အလှည့်ကျဖြတ်သန်းခွင့်ပြုနေကြောင်း ယင်းဌာနထံမှသိရသည်။

“ကားတွေက သွားလို့ရပါတယ်၊ လုပ်ငန်းသုံးကားတွေကို လွှတ်ပေးလိုက်၊ အိမ်စီးကားတွေကို လွှတ်ပေးလိုက် အလှည့်ကျလုပ်ပေးနေပါတယ်။ မနက် ၈ နာရီခွဲကနေ မနက် ၁၁ နာရီကျော်လောက်အထိ မြေစာရှင်းလင်းရေးနဲ့ တောင်ကမ်းပါးလုပ်ငန်းတွေကို လုပ်ပါတယ်။ ပြီးရင်တော့ကားတွေကို အသုတ်လိုက် ပြန်လွှတ်ပေးပါတယ်”ဟု ကော့ကရိတ်ခရိုင် လမ်းဦးစီးဌာန အင်ဂျင်နီယာမှူး ဦးခွန်ထွန်းသက်အောင်က ပြောကြားသည်။

မြေပြိုကျနိုင်သည့် အနေအထားများကို စောင့်ကြည့်လုပ်ဆောင်နေကြောင်းနှင့် စိတ်ချရသည့် အခြေအနေရောက်အောင် လုပ်ငန်းများလုပ်ဆောင်နေကြောင်း ဦးခွန်ထွန်းသက်အောင်က ဆိုသည်။

ထိုသို့မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည့်အတွက် ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်ဘက်ခြမ်းတွင် ကားအစီးရေ ၂၀၀ ခန့်နှင့် မြဝတီဘက်အခြမ်းတွင် ကားအစီးရေ ၂၀၀ ကျော်ပိတ်မိခဲ့သော်လည်း နေ့လယ်ပိုင်းတွင် ပြန်လည်သွားခွင့်ရရှိခဲ့ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသူများထံမှ သိရသည်။ 

ဇူလိုင်ဒုတိယပတ်အတွင်း မိုးဆက် တိုက်ရွာသွန်းခြင်းကြောင့် ဇူလိုင် ၉ ရက်နေ့က မြဝတီ-ကော့ကရိတ်လမ်းပိုင်း နတ်စင်ကွေ့တွင် ဒေါနတောင်သည် သုံးကြိမ်အထိ ပြိုကျမှုဖြစ်ပွားခဲ့ရာမှ ထပ်မံ၍ အဆိုပါနေရာတွင် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက လေးကြိမ်မြောက် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မြေထပ်မံပြိုကျနိုင်သည့် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဆိုသည်။  

R-17