POST TYPE
NEWS
နေပြည်တော်မှ ကားငှားပြီး ခိုးပြေးသူငါးဦးကို မင်းတုန်းတွင်ဖမ်းမိ
12-Jul-2018
ပြည်၊ ဇူလိုင် ၁၂
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ အငှားကား ငှားလာပြီး ပြည်မြို့၊ ရွှေတံခါးဘူတာအနီး၌ သွားရောက်လိုသည့်အိမ်ကို ရှာဖွေရန် ခေတ္တရပ်ခိုင်းပြီးနောက် ကားကိုခိုးယူသွားခဲ့သူ ငါးဦးကို မင်းတုန်းမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်က ဖမ်းဆီးရမိခဲ့ကြောင်း မဲဇလီနယ်မြေရဲစခန်းထံမှ သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်မှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးတို့သည် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကားငှားစီးလာပြီး ဇူလိုင်လ ၁၂ ရက်နေ့၌ ပြည်မြို့ ရွှေတံခါးဘူတာသို့အရောက် နံနက် ၅ နာရီကျော်တွင် ငှားရမ်းလာသူများက သွားရောက်မည့်လိပ်စာ ရှာဖွေရန်ကားကို ခေတ္တရပ်ခိုင်းခဲ့ပြီး ကားမောင်းနှင်လာသူ အပေါ့သွားစဉ် ခိုးယူမောင်းနှင်သွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစခန်းထံမှ သိရသည်။
“ခိုးယူခံရတဲ့သတင်းရတော့ လမ်းတွေမှာ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်တဲ့အခါ ကားကို အနောက်လှည့်ပြီးပြန်ပြေးကြတာနဲ့ လိုက်ဖမ်းတယ်။ ပုသိမ်- မုံရွာကား လမ်းအနီးမှာ ကားကိုလမ်းဘေးထိုးရပ်ပြီး ထွက်ပြေးသွားကြတာပါ။ အခုညနေမှာ အားလုံးကို ဖမ်းဆီးရမိပါပြီ”ဟု မဲဇလီ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိ ဖမ်းဆီးရမိထားသည့် ကားခိုးယူလာသူငါးဦးကို မကွေးတိုင်း မင်းတုန်းမြို့နယ် မဲဇလီနယ်မြေရဲစခန်းက ပြည်မြို့ အမှတ် (၃) ရဲစခန်းသို့ လွှဲပြောင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ရဲတွေရော မီးသတ်တွေရောက လမ်းမှာ စောင့်ဖမ်းနေကြတော့ ကားက ပြန်လှည့်ပြေးသွားတာနဲ့ နောက်ကနေ ဆိုင်ကယ်တွေနဲ့လိုက်ကြရတာ၊ လမ်းဘေးမှာ ကားထိုးရပ်ပြီးဆင်းပြေးတော့ ရွာသားတွေ ဝိုင်းဖမ်းပေးကြတာ”ဟု မဲဇလီဒေသခံ ဦးနေမှူးလူက ပြောဆိုသည်။
အဆိုပါ ကားခိုးယူထွက်ပြေးသူ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်၂၅ နှစ်နှင့်၂၇ နှစ်အရွယ် အမျိုးသားနှစ်ဦး၊ အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ကို ပြည်မြို့ အမှတ် ၃ ရဲစခန်းက ပ ၂၄၇/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၉အရ အမှုဖွင့် အရေးယူထားကြောင်း ပြည်မြို့ အမှတ် ၃ နယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
M-06
- VIA
- Voice Admin
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019