News

POST TYPE

NEWS

ဦးကိုနီကို လုပ်ကြံရန် စေခိုင်းသူမှာ အောင်ဝင်းဇော် မဟုတ်ဟု ကြည်လင်းထွက်ဆို
12-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် NLD ပါတီမှ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန် စေခိုင်းသူမှာ အောင်ဝင်းဇော် မဟုတ်ကြောင်းနှင့် အုတ်ခဲဖြင့်ထု၍ ၎င်းကိုဖမ်းဆီးခဲ့သူ အငှားယာဉ်မောင်း ကိုနေဝင်းကိုလည်း ၎င်းက သေနတ်နှင့် ပစ်သတ်ခဲ့ခြင်း မရှိကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားခံအဖြစ် စစ်ဆေးခံရသူ ကြည်လင်းက ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။

ယင်းအပြင် ကြည်လင်း(ခ) ဖိုးထူးက ရှေ့နေ ဦးကိုနီ၏ ဦးခေါင်းနောက်စေ့ကို သေနတ်ဖြင့် တေ့၍ အနီးကပ် ပစ်ခတ်ခဲ့သော်လည်း သေစေလိုသော ဆန္ဒမရှိကြောင်းနှင့် မြင့်ဆွေဆိုသူက ၎င်း၏အသက် အန္တရာယ်ကို ခြိမ်းခြောက်စေခိုင်းမှုကြောင့် ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး အဆိုပါလုပ်ကြံမှုကြောင့် ငွေကြေး တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ထွက်ဆိုသည်။

“ကျွန်တော့်ကို ဖမ်းမိပြီးနောက် အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်စစ်ဆေးတယ်။ စစ်ဆေးသူတွေက အောင်ဝင်းဇော်နဲ့ အောင်စိုးရဲ့ ဓာတ်ပုံတွေကို ထုတ်ပြပြီး ဒီလူတွေကို သိလားမေးလို့ ကျွန်တော်က သိတယ်။ အိုးဘိုထောင်မှာ အတူဆုံခဲ့ဖူးသူတွေလို့ ပြန်ဖြေခဲ့တယ်။ ဒါဆို လေဆိပ်မှာ အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်ခိုင်းတာ အောင်ဝင်းဇော်လားလို့ သူတို့က ထပ်မေးတော့ မဟုတ်ဘူး၊ မြင့်ဆွေ ခိုင်းတာ။ မဲဆောက်မှာနေတဲ့ မြင့်ဆွေက စေခိုင်းတာ။ အောင်ဝင်းဇော်က ရန်ကုန်သား။ ရန်ကုန် ဘားလမ်းမှာနေတာ”ဟု ကြည်လင်းက ရုံးတော်ရှေ့ ထွက်ဆိုခဲ့သည်။

ကြည်လင်းမှာ အခင်းမဖြစ်မီ အစောပိုင်းကတည်းက ရန်ကုန်သို့ ရောက်ရှိနေပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျောင်းလမ်းရှိ အောင်မြေဗိမာန် စာသင်တိုက်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က နှစ်ပေါင်း အတော်ကြာ ခင်မင်ခဲ့သည့် မဲဆောက်မြို့တွင်နေထိုင်သူ မြင့်ဆွေဆိုသူနှင့် ဖုန်း အဆက်အသွယ်ရခဲ့ကြောင်း၊ ဆူးလေဘုရားအနီးရှိ ပန်းခြံတွင် ၂၉ ရက် နံနက်ပိုင်း၌ တွေ့ဆုံရန် ချိန်းဆိုခဲ့ပြီးနောက် ပန်းခြံသို့ သွားခဲ့သော်လည်း မြင့်ဆွေ ရောက်ရှိလာခြင်း မရှိသောကြောင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ရန်ကုန်လေဆိပ်တွင် မိတ်ဆွေတစ်ဦးကို သွားကြိုနေသောကြောင့် လေဆိပ်သို့ ကားငှား၍ လိုက်လာခဲ့ရန်ပြောသဖြင့် အငှားယာဉ်ဖြင့် လိုက်သွားခဲ့ ရာ မြင့်ဆွေက ၎င်း၏ မော်တော်ယာဉ်ရှိရာသို့ ခေါ်ဆောင်သွားကြောင်း၊ “မင်းကို အလုပ်တစ်ခုအပ်မယ်”ဟုပြောဆိုကာ ဖုန်းထဲရှိ ဓာတ်ပုံများထဲမှ အမျိုးသားတစ်ဦး၏ပုံကို ထုတ်ပြပြီး ပုံထဲပါသူကိုသတ်ပေးရန် မနစ်နာစေရဘူးဟု ပြောဆိုခဲ့ကြောင်း တရားခံအဖြစ် စစ်ဆေးခံရသူ ကြည်လင်းက ထွက်ဆိုခဲ့သည်။

“လူသတ်ဖို့ မပြောနဲ့ မူးယစ်ဆေးဝါးတောင် ငါမလုပ်ဘူးလို့ မြင့်ဆွေကို ကျွန်တော်က ပြောခဲ့တယ်။ ထောင်ကိုကြောက်လွန်းလို့။ ဒါပေမဲ့ မြင့်ဆွေက မင်း မလုပ်ချင်လည်း လုပ်ရမယ်။ ဓာတ်ပုံကိုလည်း ငါပြပြီးပြီ။ မင်းကဖွလိုက်ရင် ငါတို့ ပြဿနာတက်မယ်။ ဒီအလုပ်ကို မင်း လုပ်ကို လုပ်ရမယ်။ ဓားနဲ့ခုတ် တုတ်နဲ့ရိုက်ရမှာ မဟုတ်ဘူး။ မင်းကို သေနတ်ပေးလိုက်မယ်။ ငါပြတဲ့သူရဲ့ခေါင်းကို သေနတ်နဲ့ ပစ်ပေး မင်းတာဝန်ကျေပြီ။ မပစ်ရင် မင်းခေါင်းကို ပစ်မယ့်သူ နောက်က ပေါ်လာလိမ့်မယ်။ ပြီးတော့ မြင့်ဆွေက ခိုင်းတာ မလုပ်ရင် မင်းမိသားစုကိုလည်း ငါက ချန်မှာမဟုတ်ဘူးလို့ ထပ်ပြောတယ်”ဟု ကြည်လင်းက ထွက်ဆိုသည်။

အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် ရှေ့နေ ဦးကိုနီ၏ ဦးခေါင်းနောက်စေ့ကို သေနတ်ဖြင့် တေ့၍ပစ်ပြီး မြင့်ဆွေ၏ မော်တော်ယာဉ်ရှိရာသို့ ထွက်ပြေးခဲ့သော်လည်း မြင့်ဆွေနှင့် ၎င်း၏ မော်တော်ယာဉ်မှာ မရှိတော့ကြောင်း၊ တုတ်၊ ခဲများ ကိုင်ဆောင်ထားသည့် လူအုပ်ကြီးက ၎င်းကိုဝိုင်းဖမ်းမိပြီး ထိုးကြိတ်ရိုက်နှက်မှုကြောင့် သတိလစ်ရာမှ သတိပြန်လည်လာချိန် လက်ထိတ်နောက်ပြန် ခတ်ခံထားရပြီဖြစ်ကြောင်း ဆက်လက် ထွက်ဆိုသည်။

“ကျွန်တော် သေနတ်ကို တစ်ချက်တည်း ပစ်ခဲ့တယ်။ လူအုပ်ကြီးက ကျွန်တော့်ကို ဖမ်းမိသွားချိန်မှာ ဒိန်း ဆိုတဲ့ သေနတ်သံတစ်ချက် ကြားလိုက်မိတယ်။ ဒါပေမဲ့ ကျွန်တော့်လက်ထဲမှာ သေနတ်မရှိတော့ဘူး”ဟု ကြည်လင်းက ပြောသည်။

အဆိုပါ အမှုမှ တရားခံအဖြစ် စစ်ဆေးခံရသူ ကြည်လင်းကို အထူးတရားရုံး ခုံးရုံးဥက္ကဋ္ဌဖြစ်သူက အချိန်သုံးနာရီကျော်ကြာ စစ်ဆေးမေးမြန်းခဲ့ရာတွင် CCTV ၊ မှတ်တမ်းဓာတ်ပုံများ၊ ဆရာဝန်၏ စစ်ဆေးချက်မှတ်တမ်းများ၊ ရဲတပ်ဖွဲ့၏အမှုနှင့်ပတ်သက်၍ တင်သွင်းသည့် သက်သေခံမှတ်တမ်းများအပြင် အောင်ဝင်းဇော်နှင့် ကြည်လင်းတို့ အခင်းဖြစ်နေ့က ဆက်သွယ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး ဖုန်းမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။

“ပိုက်ဆံမရဘဲ လူသတ်တယ်ဆိုတော့ စာရေးဆရာ အင်းစိန်အောင်စိုး ပြောသွားသလို သူ(ကြည်လင်း)က ပရဟိတ လူသတ်သမားလား မေးရတော့မယ်။ အခင်းဖြစ်နေ့က အောင်ဝင်းဇော်နဲ့ ဖုန်းပြောတာ မဟုတ်ဘူး။ မြင့်ဆွေနဲ့ ဖုန်းပြောခဲ့တာလို့ ထွက်ဆိုချက်က သူတို့ရဲ့မြှုပ်ကွက်ကို ပေါ်လွင်သွားတယ်။ မြင့်ဆွေဆိုတာ ဘယ်သူ့ကို ရည်ညွှန်းနေသလိုပါပဲ။ တရားရုံးရဲ့မေးခွန်းတွေက ရှေ့နေတွေမေးမယ့် မေးခွန်းတွေထက်ကို ပိုပြီး လေးနက်တဲ့မေးခွန်းတွေ မေးသွားတာက ဒီအမှုနဲ့ပတ်သက်ရင် အတော်လေးအားရစရာပါ”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က မီဒီယာများကို ဖြေကြားခဲ့သည်။

ကြည်လင်း၏ တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးကျော်ကျော်ထိုက်က မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ရာတွင် “ကြည်လင်းက ဒီနေ့ သူ့ကံကြမ္မာ သူဖန်တီးသွားတာပါ။ အမှု စဖြစ်ကတည်းက ပိုက်ဆံရလို့ လူသတ်တာလို့ လူအများက ပြောကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုံးတော်က မမေးသွားတာက ထူးခြားတယ်။ နောက်တစ်ချက်က ကြည်လင်းက လေဆိပ်ကို လက်နက် သူ ယူလာတာမဟုတ်ဘူးလို့ ထွက်ဆိုထားတယ်။ လူဆိုတာ ကံကြမ္မာရဲ့ သားကောင်ပဲလေ။ ကံကို စီမံနိုင်အောင် ဉာဏ်ရည်မြင့်တဲ့အထဲမှာ သူမပါလာဘူး။ တရားရုံးမှာ ထွက်ဆိုချက်နဲ့ ပတ်သက်တဲ့ကိစ္စအပေါ်တော့ ကျွန်တော့်အနေနဲ့ ဘာမှမပြောချင်ပါဘူး”ဟု ပြောကြားသည်။

S-03