News

POST TYPE

NEWS

မိတ္ထီလာတွင် ကျောင်းသူတစ်ဦး အစာအဆိပ်သင့်
12-Jul-2018

မိတ္ထီလာ၊ ဇူလိုင် ၁၂

မိတ္ထီလာမြို့နယ် ညောင်ကိုင်း စံပြကျေးရွာရှိ အထက ကျောင်းတွင် ဇူလိုင်လ ၁၂ ရက် နေ့လယ်ပိုင်းက ဆဋ္ဌမတန်းကျောင်းသူတစ်ဦးသည် ကျောင်းရှိမုန့်ဆိုင်တွင် အကင်စားမိရာမှ အစာဆိပ်သင့်သကဲ့သို့ဖြစ်ကာ သတိလစ်သွား၍ ဆေးရုံတင်ပို့လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ထမင်းစားကျောင်းဆင်းပြီး ကျောင်းပြန်တက်တဲ့အချိန်မှာ ဖြစ်သွားတယ်လို့ သိရပါတယ်။ ကလေးကသတိလစ်ပြီး ပျော့ဖတ်နေတာ။ သူ့အဖေရောက်လာပြီး ထမ်းခေါ်သွားတာကို တွေ့ရတယ်။ ကျောင်းအုပ်ကြီးက ဆေးရုံကိုအမြန်သွားဖို့ ပြောနေတာကိုလည်း ကြားရပါတယ်”ဟု အဆိုပါကျောင်းမှ ဆရာမတစ်ဦးက ပြောဆိုသည်။

အဆိုပါကလေးမှာ အသက် ၁၃ နှစ်အရွယ်ဖြစ်ပြီး ၎င်းသည် ကျောင်းရှိမုန့်ဆိုင်မှ ကိုးရီးယားအကင်စားပြီး ရေခဲရေသောက်ကာ ဗိုက်အောင့်ကြောင်းပြောဆိုပြီး ပါးစပ်မှ အမြှုပ်များထွက်ကာ သတိလစ်မေ့မြောသွား၍ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အရေးပေါ်နှင့် ပြင်ပလူနာဌာန၌ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း အဆိုပါဆေးရုံထံမှ သိရသည်။

R-01