News

POST TYPE

NEWS

၂ နှစ်ကျော်အကြာ ပြေးဆွဲမှု ရပ်ထားသည့် ကလေး-ဂန့်ဂေါ ရထားလိုင်း ပြန်ပြေးဆွဲ
ကလေး၊ ဇူလိုင် ၁၁ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် မကွေးတိုင်း ဂန့်ဂေါမြို့သို့ ဆက်သွယ်သွားလာသည့် ကလေး- ဂန့်ဂေါတိုက်ရိုက် ရထားလိုင်း ဇူလိုင်လ ၁၁ ရက်နေ့မှစတင် ပြေးဆွဲနေပြီဖြစ်ကြောင်း ကလေးမြို့ မြန်မာ့မီးရထားဘူတာရုံးမှ ရုံပိုင်လေး ဦးကျော်စိုးနိုင်က ပြောကြားသည်။ 

မိုင်ပေါင်း ၈၃ မိုင်ရှည်လျားသည့် ကလေး-ဂန့်ဂေါ တိုက်ရိုက်ရထားလိုင်းသည် ၂၀၁၅ ခုနှစ်က ကလေးမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအပြီး ရထားလမ်းပေါ်ရှိ တံတားများ ပျက်စီးခဲ့ခြင်းကြောင့် တိုက်ရိုက်ရထားပြေးဆွဲမှု ရပ်နားထားခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ ရပ်နားထားချိန်တွင် ကလေး-ဟံသာဝတီအထိ ၁၈ တန်အလေးချိန်ရှိ ရထားစက်ခေါင်းဖြင့် ပြေးဆွဲပြီး ဟံသာဝတီမှ ဂန့်ဂေါအထိ ၇၅ တန်အလေးရှိ ရထားစက်ခေါင်းဖြင့် နှစ်ဆင့်ပြေးဆွဲခဲ့ရကြောင်း ကလေးမြို့ မြန်မာ့မီးရထား ဘူတာရုံထံမှ သိရသည်။

ယင်းသို့ပြေးဆွဲနေပြီးနောက် ပျက်စီးခဲ့သည့် တံတားများကို ပြုပြင်မှုပြီးစီးခဲ့ရာ ကလေး-ဂန့်ဂေါ တိုက်ရိုက်ရထားပြေးဆွဲမှုကို ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ လူတစ်ဦးလျှင် ကျပ် ၁၁၅၀ ဖြင့် ပြေးဆွဲနေပြီဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

“ဒီနေ့ မနက်ပဲ ကလေးမြို့ ဘူတာရုံကနေ ဂန့်ဂေါမြို့ကို စတင်ထွက်ခွာသွား ပါပြီ”ဟု ရုံပိုင်လေး ဦးကျော်စိုးနိုင်က ဆိုသည်။ 

ကလေးမြို့နှင့် နတ်ချောင်း ကျေးရွာအကြားရှိ တံတားအမှတ် ၁၂၃၀၊ တံတား အမှတ် ၁၂၅၀ နှင့် တံတား အမှတ် ၁၂၃၂ စသည့် တံတားသုံးစင်းသည် ၂၀၁၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရာ အဆိုပါတံတားသုံးစင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ရန်ကုမ္ပဏီများကို တင်ဒါပေးခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း အပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းတံတားသုံးစင်းအပြင် နတ်ချောင်းကျေးရွာနှင့် ဟံသာဝတီကျေးရွာအကြားရှိ မြောင်းချောင်းတံတား တံတားအမှတ် ၁၁၁၇ တံတားမှာလည်း ၂၀၁၈ ခုနှစ်အတွင်းက အသစ်ပြန်လည်တည်ဆောက်မှု ပြီးစီးခဲ့သည့်အတွက် ကလေး-ဂန့်ဂေါ တိုက်ရိုက်မီးရထားလိုင်း ပြန်လည်ပြေးဆွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာ ကလေးမြို့ရုံးထံမှသိရသည်။

R-20