News

POST TYPE

NEWS

တစ်ဒေါ်လာ ၁၂ ကျပ် ပြန်တက်
12-Jul-2018 tagged as ဒေါ်လာဈေး

ရန်ကုန်၊ ဇူလိုင် ၁၁

အနည်းငယ် ပြန်လည်ကျဆင်းနေသော အမေရိကန်ဒေါ်လာဈေးနှုန်းများသည် ယခုအခါ ပြင်ပဒေါ်လာဈေးကွက်၌ နှစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၂ ကျပ်အထိ ဈေးပြန်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာဈေးသည် ဇူလိုင်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ နှစ်ရက်အတွင်း ပုဂ္ဂလိကဘဏ်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၁ ကျပ်ခန့်နှင့် ဗဟိုဘဏ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၄ ကျပ်ခန့်မြင့်တက်ကြောင်း၊ ဇူလိုင်လ ပထမပတ်နှင့်နှိုင်းယှဉ်ပါက ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၂၁ ကျပ်နှင့် ပုဂ္ဂလိကဘဏ်ဈေးက ၂၀ ကျပ်အထိမြင့်တက်ကြောင်း အဆိုပါငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

“ကမ္ဘာမှာ ဒေါ်လာတန်ဖိုး ပြန်တက်လာတာရယ်၊ ဒီဘက်မှာက Earning (သွင်းကုန်အတွက် ဒေါ်လာဝယ်ယူမှု) တွေ အရမ်းတက်လာတာရယ်ကြောင့် ပြန်တက်လာတာပါ”ဟု Myanmar Sun-flower ငွေလဲကောင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လတ်တလောဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ၁၄၀၀ ကျပ် ဈေးအောက်သို့ ပြန်လည်ကျဆင်းရန် ခက်ခဲမည်ဖြစ်ပြီး ယင်းဈေးဖြင့် တည်ငြိမ်နေနိုင်ကြောင်း၊ လက်ရှိ ပြည်တွင်းဒေါ်လာအရောင်းအဝယ် ဈေးကွက်မှာ ပုံမှန်အနေအထားတွင်သာရှိကြောင်း ဒေါ်လာရောင်းဝယ်သူများထံမှ သိရသည်။

“ဟိုတစ်လောက ဗဟိုဘဏ်က ခေါ်တွေ့ခဲ့ပေမယ့်လည်း သူက ဘာမှမလုပ်ပေးတော့ ဈေးက ဒီအတိုင်းပဲသွားနေမှာပဲ။ ကမ္ဘာမှာကိုက ဒေါ်လာတန်ဖိုးက တက်နေတော့ ကျပ်ငွေတန်ဖိုးက ကျနေမှာပဲ။ ပြီးတော့ Import က အရမ်းများပြီး Export က နည်းနေတယ်လေ”ဟု ဒေါ်လာဈေးတက်ရခြင်းအကြောင်းအရင်းကို ပုဂ္ဂလိက ဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိဒေါ်လာဈေးကွက်အတွင်း ပြင်ပဈေးသည် တစ်ဒေါ်လာလျှင် ၁၄၀၆ ကျပ်၊ ပုဂ္ဂလိကဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၄၀၅ ကျပ်နှင့် ဗဟိုဘဏ်နှုန်းသည် တစ်ဒေါ်လာလျှင် ၁၄၀၂ ကျပ်ဈေးရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04