News

POST TYPE

NEWS

ကရင်ပြည်နယ်တွင် ရာဇဝတ်မှုစီရင်မည့်ကာလ သတ်မှတ်
12-Jul-2018 tagged as ကရင် ရာဇဝတ်မှု

ဘားအံ၊ ဇူလိုင် ၁၁

ကရင်ပြည်နယ်အတွင်း အမှုအခင်းများအတွက် တရားစီရင်ရာတွင် ပိုမိုမြန်ဆန်စေရန်အတွက် အမှုအမျိုးအစားပေါ်မူတည်ပြီး ရက်သတ်မှတ်ကာ အပြီးစီရင်စေမည်ဖြစ်ကြောင်း ကရင်ပြည်နယ်တရားသူကြီးချုပ် ဦးစောစံလင်းက ပြောဆိုသည်။

ယင်းသို့လုပ်ဆောင်ရာတွင် လာမည့်ဩဂုတ်လ ၁ ရက်နေ့မှစတင်ပြီး မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်များကို စနစ်တကျရေး ဆွဲလုပ်ဆောင်မည်ဖြစ်ပြီး အမှုစတင်စွဲဆိုသည်မှ စီရင်ဆုံးဖြတ်သည်အထိ အမှုစစ်ဆေးစီရင်ခြင်းတွင် နည်းပညာအထောက်အပံ့များနှင့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မဟာဗျူဟာစီမံကိန်းအနေနဲ့ အမှုကို စီမံခန့်ခွဲဖို့အတွက် သက်သေနဲ့ သက်သေခံပစ္စည်းတွေကို ပြည့်စုံလုံလောက်အောင် စုစည်းခြင်းဆိုတာရှိမယ်။ အမှုရဲ့ စံနှုန်းသတ်မှတ်ချက်တွေ သတ်မှတ်ပါမယ်။ အမှုရဲ့ အချိန်ဇယားကို ရေးဆွဲရပါမယ်။ ပထမ အလျင်အမြန် ဆောင်ရွက်ရမယ့်အမှုအတွက် ရက်ပေါင်း ၉၀၊ ရိုးရှင်းတဲ့အမှုအတွက် ရက်ပေါင်း ၁၈၀၊ ရှုပ်ထွေးတဲ့အမှုအတွက် ရက်ပေါင်း ၂၇၀ အတွင်း အမှုရဲ့ ၉၀ ရာခိုင်နှုန်းကို စစ်ဆေးနိုင်ဖို့ ဩဂုတ် လ၁ ရက်နေ့ကနေစပြီး စီမံချက်ရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ကရင်ပြည်နယ် တရားသူကြီးချုပ် ဦးစောစံလင်းက ပြောကြားသည်။

အလျင်အမြန် ဆောင်ရွက်နိုင်သော အမှုအနေနှင့် ယေဘုယျဦးတိုက် လျှောက်ထားမှုများ၊ အများပြည်သူ စိတ်ဝင်စားသည့် အမှုများ၊ ကလေးသူငယ်အမှုများ၊ အမှုမှနစ်နာသူ အန္တရာယ်ရှိသည့် အမှုများပါဝင်ကာ၊ ရိုးရှင်းသော အမှုများအနေဖြင့် ရဲက စွဲတင်သည့်အမှုများ၊ ရိုးရိုးခိုးမှု၊ လက်ရောက်မှု၊ နှောင့်ယှက်မှုစသည့် အမှုများပါဝင်မည်ဖြစ်ပြီး ရှုပ်ထွေးသည့် အမှုများအနေနှင့် တရားခံပြေးကို ပူးတွဲ ရဲမှစွဲတင်လာသည့် အမှုများ၊ သက်သေနှင့် သက်သေခံပစ္စည်းများ များပြားလွန်းသည့် ပြင်ဆင်ချိန်များစွာ လိုအပ်သည့် အမှုများ၊ မှုခင်းဆေးဆရာဝန်နှင့် ကျွမ်းကျင်ပညာရှင်များ၏ မှတ်ချက်ကို စောင့်ဆိုင်းရသည့် အမှုများ၊ ဖြေရှင်းရန် ဥပဒေများပြားပါဝင်သည့် အမှုများအဖြစ် ခွဲခြားပြီး ပြီးဆုံးရက်သတ်မှတ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမှုကိုစီရင်ဆုံးဖြတ်ရာတွင် ထိုသို့ အချိန်ဇယားဆွဲပြီး ဆောင်ရွက်သည့်အတွက် စနစ်တကျဆောင်ရွက်နိုင်ပြီး အမှုနှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်သူများအနေနှင့် မည်သည့်အချိန်တွင် ယင်းအမှုပြီးစီးမည်ကို ကြိုတင်ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း ဘားအံခရိုင်တရားသူကြီး ဒေါ်ဝင်းဝင်းမော်က ဆိုသည်။

“ကျွန်တော်တို့ဆီမှာက အမှုတစ်ခုကို စီရင်တဲ့အခါ လမ်းခရီးခက်ခဲတာကြောင့် တချို့ကြန့်ကြာမှုတွေရှိတယ်။ နောက်ပြီးအမှုမှာ အဖြေမှန်ရဖို့ဆိုတာက အမှုကိုမြန်မြန်ချဉ်းကပ်နိုင်ဖို့လိုတယ်။ တစ်ခါတလေကျတော့လည်း သက်သေနဲ့ သက်သေခံပစ္စည်းဖောင်းပွတာမျိုးလည်း ရှိတယ်။ အဓိကပွိုင့်က ဘယ်သက်သေလဲ၊ ဘယ်သက်သေခံပစ္စည်းလဲဆိုတာကိုသိမှ အမှုကိုအချိန်မီဆုံးဖြတ်နိုင်မှာဖြစ်တယ်”ဟု ဖာပွန်ခရိုင် တရားသူကြီး ဦးသက်နိုင်က မှတ်ချက်ပြုပြောကြားသည်။

R-17