News

POST TYPE

NEWS

အိမ်အကူအမျိုးသမီး နှိပ်စက်ညှဉ်းပန်း အသတ်ခံရမှုမှ တရားလိုဖြစ်သူကို စတင်စစ်ဆေး
11-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၁

တပ်မတော် အရာရှိရိပ်သာတစ်ခုတွင် အိမ်အကူ သွားရောက်လုပ်ကိုင်သည့် အသက် ၄၀ နှစ် အမျိုးသမီးတစ်ဦး နှိပ်စက်ညှဉ်းပန်းခံရသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဇူလိုင်လ ၁၁ ရက်နေ့က တောင်ပိုင်းခရိုင် တရားရုံးတွင် တရားလိုဖြစ်သူကို စတင် စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

တရားလိုဖြစ်သူ တွံတေးမြို့နယ်၊ အုတ်ဖိုကျေးရွာမှ ရာအိမ်မှူး ဦးအေးသောင်းကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် မေးခွန်းများ မေးမြန်းခဲ့ပြီး တရားလိုက ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သည့် အကြောင်းအရာများကို အသေးစိတ် ထွက်ဆိုခဲ့သည်။

“တရားလို ဦးအေးသောင်းက သာမန်လူတစ်ယောက်ဆိုတော့ တစ်ဖက်ရှေ့နေရဲ့ မေးမြန်းချက်တွေကို ဖြေဆိုရာမှာ အခက်အခဲ နည်းနည်းတော့ ဖြစ်တာပေါ့။ ဒါပေမဲ့ တရားလိုရဲ့ထွက်ဆိုချက်တွေကို အားရတယ်။ လာမယ့် ဇူလိုင် ၁၈ ရက်ကျ လိုပြသက်သေတစ်ဦးကို ထပ်စစ်ဆေးဖြစ်မယ်”ဟု သေဆုံးသူ အိမ်အကူအမျိုးသမီးဘက်မှ ရှေ့နေတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုကို ယခင်က လုံခြုံရေး အင်အားအပြည့်ဖြင့် ရုံးထုတ်ခဲ့သော်လည်း ယနေ့ရုံးချိန်းတွင် သာမန်လုံခြုံရေး အင်အားဖြင့်သာ ရုံးထုတ်ခဲ့ပြီး ဖမ်းဆီးတရားစွဲဆိုခံရသူ အသက် ၃၂ နှစ် ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုမှာ ၎င်း၏မျက်နှာကို မမြင်စေရန် ဦးထုပ်ဆောင်း၍ နှာခေါင်းစည်းမျက်နှာဖုံးကို တပ်ဆင်ထားသည်။

လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို စစ်ဆေးနေသော ယင်းဖြစ်စဉ်မှာ တွံတေးမြို့နယ် ခတ္တိယတိုက်နယ် ခတ္တိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာတွင် နေထိုင်သော အသက် ၄၀ နှစ် ကလေးလေးယောက်မိခင် မုဆိုးမဖြစ်သူ မကရင်မ (ခ) မခင်စန္ဒာဦးမှာ လွန်ခဲ့သည့် ခြောက်လခန့်က လှည်းကူးမြို့နယ် အင်းတိုင်သံချပ်ကာ တပ်ရင်းရှိ အရာရှိရိပ်သာတွင် နေထိုင်သော ဒေါ်သိင်္ဂီစု၏ အိမ်တွင် အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည်။

ယင်းနောက် ယခုနှစ် မေလ ၁၉ ရက်နေ့တွင် အိမ်ရှင် ဒေါ်သိင်္ဂီစုနှင့်အတူ မကရင်မမှာ ၎င်းနေထိုင်သည့် အုတ်ဖိုကျေးရွာသို့ ပြန်လည် ရောက်ရှိလာပြီး အိမ်နီးချင်းများ၊ သက်ဆိုင်ရာ ရာအိမ်မှူးများကို ဒေါ်သိင်္ဂီစုကခေါ်၍ အိမ်အကူ မကရင်မ ကျန်းမာရေး မကောင်းမွန်သောကြောင့် လာရောက်ပြန်ပို့ခြင်းဖြစ်ပြီး လူနာကို ကောင်းမွန်စွာ လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးစေခိုင်းခဲ့သည်။

ထို့နောက် အိမ်ရှင် ဒေါ်သိင်္ဂီစု ပြန်သွားချိန်တွင် အိမ်နီးချင်းများက မကရင်မ၏ ရောဂါ အခြေအနေကို မေးမြန်းရာ အိမ်ရှင် ဒေါ်သိင်္ဂီစုက ၎င်းကို ရွှေဆွဲကြိုးခိုးယူသည်ဟု စွပ်စွဲပြောဆိုပြီး ခြေဖြင့်ကန်ခြင်း၊ ကျောက်ပြင်ဖြင့်ထုခြင်း ပြုလုပ်ခဲ့သောကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်း ပြောပြသဖြင့် ရွာသူရွာသားများက မကရင်မကို ဆေးရုံပို့ရန် ပြင်ဆင်နေစဉ် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုမှာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တွံတေးမြို့နယ် ခလောက်ချိုက် နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်၍ တောင်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03