News

POST TYPE

NEWS

NLD ရန်ကုန်တိုင်းအမတ်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌကို ပါတီစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးမည်
11-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတစ်ဦးတို့ တိုင်ကြားခံထားရ၍ ပါတီစည်းကမ်းထိန်းသိမ်းရေးက စစ်ဆေးမည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဇွန်လက ဒဂုံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်တို့သည် လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များကို ရိုင်းပျစွာ ပြောဆိုနေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပေါ်ထွက်လာခဲ့ပြီး အဆိုပါကိစ္စရပ်ကို တိုင်ကြားမှုများရှိသည့်အတွက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အခြားပါတီကိစ္စရပ်များ ရှိနေသောကြောင့် လတ်တလောတွင် စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ခြင်း မရှိသေးသော်လည်း အဆိုပါကိစ္စရပ်ကို စုံစမ်းစစ်ဆေးရန် စီစဉ်ထားကြောင်း ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

“ဘယ်သူက တိုင်သလဲဆိုတာတော့ ကျွန်တော်တို့ ပြောခွင့်တော့ မရှိပါဘူး။ အခုက နေပြည်တော်လည်း ရောက်နေတော့ ဒီတစ်ပတ်တော့ မလုပ်နိုင်သေးဘူး။ တိုင်ကြားထားတာ ရှိတယ်။ စစ်ဆေးရမယ့် အမှုတွေထဲမှာပဲ အစဉ်အတိုင်း ထည့်ထားပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ကို ဆက်သွယ်မေးမြန်းရာ တိုင်ကြားခြင်းကိုမသိဘဲ တစ်ဖက်သတ် စွပ်စွဲနေခြင်းဖြစ်၍ ဖြေရှင်းရန် မရှိကြောင်း ပြန်လည် ပြောကြားသည်။

“ဘာမှဖြေရှင်းစရာမရှိဘူး၊ ဖြစ်စဉ်အမှန်အတိုင်း ပြောလိုက်ရုံပဲ ဒါပါပဲ”ဟု ၎င်းကပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးလှထွန်းနှင့် မြို့သစ်အရှေ့ပိုင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်တို့သည် ဇွန်လ ၁၈ ရက် ညက အသိမိတ်ဆွေတစ်ဦး၏ဆိုင်ကယ်ကို ဖမ်းဆီးအရေးယူသည့် ဒဂုံမြို့သစ်အရှေ့ပိုင်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပြဿနာဖြစ်ပွားခဲ့ပြီး ဆဲဆိုပြောဆိုနေသည့် ရုပ်သံဖိုင်တစ်ခု ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တိုင်ကြားစာ လက်ခံရေးဌာနတွင် တိုင်ကြားစာ ၃၀ ခန့် ယင်းအမှုမတိုင်မီ ရှိနေသေးပြီး အစဉ်လိုက် စစ်ဆေးသွားမည်ဟု အဆိုပါ ပါတီထံမှ သိရသည်။

J-08