News

POST TYPE

NEWS

တရားခံပြေးတစ်ဦးကို ဓားလက်နက်များနှင့်အတူ ဖမ်းမိ
11-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၀

လှိုင်သာယာမြို့နယ်၊ ၁၉ ရပ်ကွက်၊ ဓညဝတီလမ်းရှိ နေအိမ်တစ်လုံးတွင် မူးယစ်အမှုမှ တရားခံပြေးဖြစ်သော အမျိုးသားတစ်ဦးကို ဓားလက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ စိုးကြီး (ခ) စိုးထိုက်မှာ လှိုင်သာယာမြို့နယ်တရားရုံးတွင် ပြစ်မှုထွေမှု အမှတ် ၃၈၉/ ၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ) အမှုမှ တရားခံပြေးတစ်ဦးဖြစ်ပြီး ၎င်းကို ဆက်လက်စစ်ဆေးရာမှ ခိုးမှုများ ကျူးလွန်ထားကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သည်။

စိုးကြီး (ခ) စိုးထိုက်မှာ ယခုနှစ် မေလနှင့် ဇွန်လအတွင်း အောင်သူရ (ခ) ဖားကြီး (စုံစမ်းဆဲ)၊ ကျော်သက် (စုံစမ်းဆဲ) တို့နှင့်အတူ လှိုင်သာယာမြို့နယ်အတွင်းရှိ နေအိမ်ခြံဝင်းနှင့် လမ်းဘေးတို့တွင် ရပ်ထားသော မော်တော်ဆိုင်ကယ် ၁၆ စီးကို ခိုးယူခဲ့ပြီး ပင်လုံဈေးအနီး ကြယ်တာရာလမ်းရှိ နေအိမ်ထဲမှ ရွှေထည်ပစ္စည်းများနှင့် အမှတ် (၇) ရပ်ကွက်၊ ဗညားဒလလမ်းရှိ နေအိမ်အတွင်းမှ လက်ကိုင်ဖုန်းတို့ကို ခိုးယူရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ စိုးကြီး (ခ) စိုးထိုက် အပါအဝင်သုံးဦးကို လှိုင်သာယာမြို့မရဲစခန်းနှင့် သောင်ကြီး နယ်မြေရဲစခန်းတို့တွင် အမှုများ အသီးသီးရေးဖွင့်ပြီး သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ပိုင်ရှင်များအနေဖြင့် အမှုမှ သက်သေခံပစ္စည်းများနှင့် ပတ်သက်၍ ရဲစခန်းများထံ သွားရောက်စုံစမ်းဆောင်ရွက်နိုင်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03