News

POST TYPE

NEWS

ဘရက်ကာဗာနော့ကို အထက်ခုံရုံးတရားသူကြီးအဖြစ် ထရမ့်ရွေးချယ်
11-Jul-2018



ဝါရှင်တန်၊ ဇူလိုင် ၁၀

အမေရိကန်သမ္မတထရမ့်က ဘရက်ကာဗာနော့ကို အထက်ရုံးတရားသူကြီးအဖြစ် ရွေးချယ်လိုက်ပြီး အတည်ပြုရန် အကြိတ်အနယ်နွှဲရမည့်ပွဲကိုစီစဉ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကိုလံဘီယာခရိုင် အယူခံရုံးတရားသူကြီး ဘရက်ကာဗာနော့သည် သမ္မတဟောင်းဘွတ်ရှ်၏ အကြံပေးဟောင်းတစ်ဦးဖြစ်သည်။ ထရမ့်၏ဆုံးဖြတ်ချက်သည် အမေရိကအတွက် ကိုယ်ဝန်ဖျက်ချမှု၊ သေနတ်ကိုင်ဆောင်မှုမှသည် လူဝင်မှုကြီးကြပ်ရေးကိစ္စများအထိ အရာရာအပေါ် များစွာသက်ရောက်မှုရှိနေသည်။

အမြင့်ဆုံးခုံရုံးအတွက် သမ္မတထရမ့်၏ ဒုတိယအကြိမ် တရားသူကြီးခန့်အပ်မှုသည် ၎င်းအာဏာစွန့်မည့်အချိန်တွင် တက်လာမည့်မျိုးဆက်အတွက် အမေရိကကို ပုံသွင်းခွင့်ရမည့် အလားအလာပင်ဖြစ်သည်။

“တရားသူကြီး ဘရက်ကာဗာနော့ဟာ အပြစ်ကင်းတဲ့ အရည်အသွေး၊ ယှဉ်နိုင်ဖို့မလွယ်တဲ့ အရည်အချင်း၊ တရားမျှတမှုအတွက် လက်တွေ့တာဝန်ယူမှုတွေ ပြည့်ဝတဲ့လူတစ်ဦးပါ” ဟု ထရမ့်ကဆိုသည်။

သမ္မတသည် ၎င်း၏ reality ရှိုးပုံစံအတိုင်းအားလုံးကို နောက်ဆုံးမိနစ်အထိ ခန့်မှန်းနေရအောင် ပြုလုပ်ခဲ့သည်။ ယခုခန့်အပ်မှုသည် နွေရာသီတွင် နုတ်ထွက်မည်ဟု ယခင်လက ကြေညာခဲ့သော တရားသူကြီး အန်ထော်နီကနေဒီ ၈၁ နှစ်၏ နေရာတွင် အစားထိုးခြင်းဖြစ်သည်။

တနင်္လာနေ့ညက ကြေညာခန့်အပ်ခံရသည့် ဘရက်ကာဗာနော့ ၅၃ နှစ်က “သမ္မတကြီးခင်ဗျား။ ကျေးဇူးတင်ပါတယ်။ အမေရိကတရားစီရင်ရေးစနစ်ရဲ့ အရေးကြီးတဲ့ကဏ္ဍကို သမ္မတကြီးက သိရှိနားလည်ကြောင်းကို ကျွန်တော်ကိုယ်တိုင်မြင်တွေ့လိုက်ရပါပြီ။ အထက်ရုံးတရားသူကြီး ခန့်အပ်ဖို့အတွက် အခုလိုကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးခဲ့တဲ့သမ္မတမျိုး အရင်ကမရှိခဲ့ပါဘူး။ ကျွန်တော့်အပေါ် ယုံကြည်စိတ်ချတဲ့အတွက် မနေတတ်အောင် ဖြစ်မိပါတယ်”ဟု ပြောကြားသည်။

ဘရက်ကာဗာနော့သည် ကက်သလစ်ဘာသာ ကိုင်းရှိုင်းသူ ယေးလ်တက္ကသိုလ်ဆင်းတစ်ဦးဖြစ်ပြီး ၎င်းအစားဝင်ရမည့် တရားသူကြီးကနေဒီထံတွင် ရုံးအဖွဲ့မှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ ၁၉၉၀ ခုနှစ်များက သမ္မတဘီလ်ကလင်တန်ကို စုံစမ်းစစ်ဆေးခဲ့သည့် ကက်နက်စတား၏ လွတ်လပ်သောစုံစမ်းရေးကောင်စီအတွက်လည်း လုပ်ကိုင်ခဲ့ဖူးသည်။

ထိုအပြင် အာဏာလက်ရှိသမ္မတတစ်ဦးအား စုံစမ်းစစ်ဆေးမှုနှင့် တရားစွဲဆိုမှုများမှ အကာအကွယ်ပေးခြင်းကို စောဒကတက်သည့် မင်နီဆိုတာဥပဒေသုံးသပ်ချက် စာတမ်းကိုလည်း ၂၀၀၉ ခုနှစ်က ရေးသားခဲ့သူဖြစ်သည်။

F-04