News

POST TYPE

NEWS

ပင်လုံညီလာခံ ယနေ့ စတင်၊ မျှော်လင့်ချက်များဖြင့် လာသည်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြော
10-Jul-2018

နေပြည်တော်၊ ဇူလိုင် ၁၀

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ယနေ့ စတင်ကျင်းပမည်ဖြစ်ရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် NCA  လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့အပြင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါ တက်ရောက်ကြမည်ဖြစ်သည်။

အဆိုပါညီလာခံသို့ တက်ရောက်ရန်အတွက် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့မှ မိုင်းလားအဖွဲ့သည် ကျိုင်းတုံမှတစ်ဆင့် ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး KIA အပါအဝင် ကျန်လက်နက်ကိုင်အဖွဲ့များမှာလည်း တရုတ်ပြည်မှ နေပြည်တော်သို့ တိုက်ရိုက်လေကြောင်းဖြင့် မွန်းလွဲ ၃ နာရီခွဲတွင် ရောက်ရှိလာခဲ့သည်။

“မျှော်လင့်ချက်တွေနဲ့ လာတာပါ၊ တိုက်ပွဲတွေကတော့ လျော့သွားမယ်လို့ မျှော်လင့်ပါတယ်”ဟု KIA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ၎င်းတည်းခိုရာ ဟိုရီဇုံလိဒ်ဗျူး Horizon Lake View ဟိုတယ်သို့ ရောက်လာစဉ် မီဒီယာများကို ပြောကြားခဲ့သည်။

ယင်းအပြင် ညီလာခံတွင် “ဆွေးနွေးမှု အဓိကမဟုတ်ဘဲ အဆက်ပြတ်နေတဲ့ ဆက်သွယ်ရေးတွေ ဘယ်လိုလုပ်မလဲဆိုတာ ပိုပြီးအဓိကကျလိမ့်မယ် ထင်ပါတယ်” ၎င်းက ထပ်လောင်းပြောသည်။

ယင်းအဖွဲ့ ၇ ဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်ချုပ်တို့နှင့် သီးခြားတွေ့ဆုံရန် အခြေအနေရှိကြောင်း အစိုးရအဖွဲ့ထံမှ ကြားသိရသည်။

ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များကြား ညှိုနှိုင်းမရခဲ့သော ပြည်ထောင်စုမှ ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အကြောင်းအရာများမှာ ဆွေးနွေးနိုင်မည်မဟုတ်ဘဲ ချန်လှပ်ခဲ့ရန် ဆုံးဖြတ်ခဲ့ရကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

၂၀၁၇ မေလနှောင်းပိုင်းက ပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်အဖွဲ့အစည်းများအနေနှင့် ပြည်ထောင်စုခွဲမထွက်ရ အချက်ကို သဘောတူမှသာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးရန် အစိုးရနှင့် တပ်မတော်ဘက်က အဆိုပြုခဲ့မှုအပေါ် တိုင်းရင်းသားများဘက်မှလည်း လက်မခံခဲ့သောကြောင့် အဆိုပါအခန်းကို ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိ တတိယ အစည်းအဝေးတွင် ယင်းကိစ္စရပ်များကို မဆွေးနွေးနိုင်သော်လည်း လူနည်းစု အခွင့်အရေး၊ ဖက်ဒရယ်စနစ်တွင် ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးကိစ္စရပ်များ၊ ဖက်ဒရယ် နိုင်ငံသားဖြစ်ခြင်း ကိစ္စရပ်များ ဆွေးနွေးရန် ကျန်ရှိနေသေးသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု သိရှိထားကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားထားသည်။

S-01