POST TYPE

NEWS

မုံရွာမြို့ဝင်တိုးဂိတ်ကို ဗောဓိတစ်ထောင်လမ်းခွဲအနီးသို့ ပြောင်းရွှေ့မည်
09-Jul-2018

မုံရွာ၊ ဇူလိုင် ၈

လမ်းအသုံးပြုခ ကောက်ခံရာတွင် ဒေသခံများနှင့် အငြင်းပွားပဋိပက္ခမှုများရှိလာသည့်အတွက် မုံရွာမြို့တောင်ဘက်အဝင် ရွှေတောင်တိုးဂိတ်ကို မြို့နယ်နိမိတ်အဆုံး ဗောဓိတစ်ထောင်လမ်းခွဲအနီးနေရာသစ်သို့ ပြောင်းရွှေ့ရန် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

လက်ရှိမုံရွာ- မန္တလေးလမ်း၊ မြေနဲကျေးရွာတွင် လမ်းအသုံးပြုခ ကောက်ခံဂိတ်ရှိနေခြင်းသည် မိုးညှင်းသမ္ဗုဒ္ဓေနှင့် ဗောဓိတစ်ထောင် ဘုရားဖူးယာဉ်များ၊ နည်းပညာတက္ကသိုလ် ကျောင်းကြိုပို့ယာဉ်များနှင့် မြို့နယ်တွင်းသွားလာနေသည့် လူစီးယာဉ်၊ ဒေသကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များ ဖြတ်သန်းသွားလာရာတွင် မုံရွာ-မြင်းမူ မိုင်၄၀ ကြေးကိုပေးဆောင်နေရသည့်အတွက် မြို့ဝင်ဂိတ်ကို မြို့နယ်အဆုံးသို့ ပြောင်းရွှေ့စေလိုခြင်းဖြစ်ကြောင်း မြို့ခံဦးစိုးဝင်းဆွေက ပြောကြားသည်။ 

အဆိုပါမြို့ဝင်ဂိတ်နှင့် ယခုပြောင်းရွှေ့မည့် နေရာအသစ်သည် ငါးမိုင်ခန့်ကွာဝေးကြောင်း မုံရွာမြို့ခံများထံမှ သိရသည်။

“မုံရွာမြို့နယ်အဆုံး ချောင်းဦးမြို့နယ် မရောက်ခင် လမ်းမြေအတွင်း ပေ ၁၀၀ မှာ လက်ရှိအကျယ်အတိုင်း ပြန်ဆောက်နိုင်မယ့်နေရာကို ဇွန်လဆန်းက အတည်ဖြစ်တယ်”ဟု မြေနေရာရှာဖွေရေးတွင် ပါဝင်သည့် အရပ်ဘက်အဖွဲ့ဝင် ဦးအောင်နေမျိုးက ပြောဆိုသည်။ 

မြို့ဝင်ဂိတ်ပြောင်းရွှေ့ရန် မြေနေရာရှာဖွေရေးကို မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ ခရိုင်လမ်းဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့ အစည်းများက ပါဝင်ရှာဖွေခဲ့ကြခြင်းဖြစ်ကာ နေရာသုံးနေရာအထိရှာဖွေခဲ့ပြီး ဗောဓိတစ်ထောင်လမ်းခွဲနေရာမှာ အတည်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက ပြောကြားသည်။

ရွှေတောင်ဟိုက်ဝေးကုမ္ပဏီ၏ BOT စနစ်ဖြင့် ငွေကြေးကောက်ခံဂိတ်ကို ဇူလိုင်လမှစ၍ ခြောက်လအတွင်းပြောင်းရွှေ့ရန် တိုင်းအစိုးရက ချမှတ်ထားပြီး လတ်တလော ယာဉ်ဖြတ်သန်းခ အခမဲ့ကတ်များကို သက်တမ်းအသစ်ဖြင့် ဆက်လက်ထုတ်ဝေပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

R-08