News

POST TYPE

NEWS

မန္တလေး ကျောက်စိမ်းဈေးကွက်အေး
08-Jul-2018



မန္တလေး၊ ဇူလိုင် ၇

နေပြည်တော် ကျောက်မျက်ရတနာ ပွဲပြီးဆုံးသွားပြီဖြစ်သော်လည်း မန္တလေးကျောက်ဝိုင်းအတွင်း ကျောက်စိမ်းအရောင်းအဝယ်ဈေးကွက် အေးနေဆဲဖြစ်ကြောင်း ကျောက်စိမ်းကုန်သည်အချို့က ပြောကြားသည်။ 

ယမန်နှစ်များက နေပြည်တော် ကျောက်မျက်ပြပွဲပြီးပါက အချိန်အနည်းငယ်အတွင်း ကျောက်စိမ်းဈေးကွက် ပြန်လည်ကောင်းမွန်လေ့ရှိသည်ဟု ၎င်းတို့က ပြောဆိုသည်။ 

နေပြည်တော်ကျောက်မျက်ပြပွဲတွင် ကျောက်ကောင်းပါဝင်မှု နည်းပါးခဲ့သဖြင့် ပြည်တွင်း ကျောက်စိမ်းလုပ်ငန်းရှင်များအနေနှင့် ကျောက်ကောင်းရရှိသူ အလွန်နည်းပါးကြောင်း ဇွဲစိမ်းကျောက်စိမ်း ကုမ္ပဏီပိုင်ရှင် ဦးမျိုးမြင့်နိုင်က ပြောကြားသည်။ 

တရုတ်နိုင်ငံမှ ကုန်သည်ကြီးများ၏ တစ်ဆင့်ခံ တရုတ်ပွဲစားများ ကျောက်ဝိုင်းအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့်လည်း ကျောက်စိမ်းဈေးကွက် ထိခိုက်စေကြောင်း ဦးမျိုးမြင့်နိုင်က ထပ်မံပြောကြားသည်။ 

“we chat (လူမှုကွန်ရက်) နဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ကုန်သည်ကြီးတွေဆီ ပစ္စည်းကိုတိုက်ရိုက်ပြပြီး အရောင်းအဝယ်လုပ်တယ်။ ဟိုဘက်ကပေးတဲ့ ဈေးအောက်လျှော့ပြီး ဒီဘက်မှာဝယ်ကြတယ်”ဟု ၎င်းက ပြောဆိုသည်။ 

we chat ဖြင့် အရောင်းအဝယ်ပြုလုပ်သည့် တရုတ်ပွဲစားများသည် တရုတ်နိုင်ငံမှ ကုန်သည်များက ငွေလွှဲမှသာ ရောင်းသူကိုငွေပေးချေကြပြီး ကျောက်ဝိုင်းအတွင်း ကျောက်စိမ်းအပွင့်၊ အတစ်စ၊ လက်ကောက်လိုင်းများတွင် အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သည်။ 

ကျောက်စိမ်းလွှာချပ်လိုင်းတွင်မူ တရုတ်ကုန်သည်အများစုက ပြည်တွင်းသို့ လာရောက်ဝယ်ယူလေ့ရှိကြောင်း ကျောက်စိမ်းလွှာချပ်ကုန်သည် ဦးဇော်ထိုက်က ပြောကြားသည်။ 

“ဈေးကွက်ကတော့ မကောင်းသေးဘူး။ အခုတော့ ဖြတ်စရာရှိတဲ့ ကျောက်တွေဖြတ်ပြီး ပစ္စည်းစုနေကြတယ်”ဟု ၎င်းက ပြောဆိုသည်။ 

မြန်မာနိုင်ငံ၏အကြီးဆုံး အချောထည်ဈေးကွက်တစ်ခုဖြစ်သော မဟာအောင်မြေကျောက်မျက်ဝိုင်းတွင် ကျောက်စိမ်းအရိုင်းတုံး၊ ကျောက်စိမ်းအပွင့်၊ လက်ကောက်၊ ပန်းပု၊ အတစ်စ၊ လွှာချပ်၊ အသားလိုင်းများ အရောင်းပြုလုပ်နေကြပြီး ကျောက်စိမ်းဈေးကွက် မကောင်းသည်မှာ ငါးနှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း ကျောက်ဝိုင်းအတွင်းမှ စုံစမ်းသိရှိရသည်။ 

၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာခန်းမ၌ ဇွန်လ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည်။ 

M-08