News

POST TYPE

NEWS

ဩစတြေးလျကုမ္ပဏီ PanAust ပြည်တွင်း၌ ရွှေနှင့်ကြေးနီ တူးဖော်ခွင့်ရရှိ
08-Jul-2018
ရန်ကုန်၊ ဇူလိုင် ၇

ဩစတြေးလျနိုင်ငံအခြေစိုက် PanAust မြန်မာကုမ္ပဏီက ပြည်တွင်း၌ ရွှေနှင့်ကြေးနီ သတ္တုတူးဖော်ရေးလုပ်ငန်းများအတွက် အစိုးရထံမှ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အသစ် ရရှိလိုက်ပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

အဆိုပါလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်သစ်သည် ယခုအစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က အတည်ပြုခဲ့သည့် သတ္တုတူးဖော်ရေး ဥပဒေပြဋ္ဌာန်းပြီးနောက် ပထမဦးဆုံးခွင့်ပြုပေးခဲ့သည့် သတ္တုတူးဖော်ရေးလုပ်ငန်းလိုင်စင်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှသိရသည်။

PanAust ကုမ္ပဏီအနေနှင့် ယခုရရှိသည့် လုပ်ငန်းလိုင်စင်အသစ်အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တုန်ကျောင်း၊ တောင်ကုန်း၊ နောင်ဖက်တူးဖော်ကွက် ၃ ခုနှင့် ဝင်းသိုတောင်ဒေသရှိ စတုရန်းကီလိုမီတာ ၅၆၂ အကျယ်အဝန်းရှိ နေရာများကိုလည်း လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်လိုက်သည်။

PanAust မြန်မာကုမ္ပဏီကို နိုင်ငံခြားကုမ္ပဏီ Witho Resources Company Limited (WRCL) က ၈၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းမိတ်ဖက်ကုမ္ပဏီ Myanmar Energy Resources Group International ကုမ္ပဏီလီမိတက် (MERG) က ၂၀ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်းလုပ်ဆောင်လျက်သည်။

PanAust မြန်မာသည် မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ၂၀၁၆ ခုနှစ်မှ စတင်ကာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

J-01