News

POST TYPE

NEWS

ကနေဒါသို့ မြန်မာ့ကော်ဖီ ၃၆ တန် တင်ပို့မည်
05-Jul-2018
ရန်ကုန်၊ ဇူလိုင် ၄

မြန်မာနိုင်ငံ၏ ဈေးကွက်အသစ်တစ်ခုဖြစ်သည့် ကနေဒါနိုင်ငံသို့ ပထမဆုံးအကြိမ် ပမာဏအများဆုံးအဖြစ် ၂၀၁၈ ခုနှစ်အတွင်း ကော်ဖီစေ့တန်ချိန် ၃၆ တန် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောကြားသည်။ 

“တန်အများကြီး ဝယ်တာကတော့ ဒါပထမဆုံးပဲ” ဟု ၎င်းကပြောဆိုသည်။

မြန်မာနိုင်ငံမှ ကော်ဖီစေ့များကို ဂျပန်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ အမေရိကန်၊ ထိုင်ဝမ်၊ ကိုရီးယားနှင့် ဥရောပနိုင်ငံများသို့ ပုံမှန်တင်ပို့လျက်ရှိပြီး ယခု ၂၀၁၈ ခုနှစ်တွင် ဈေးကွက်အသစ်အဖြစ် ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့သို့ စတင် တင်ပို့နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။ 

ယခုနှစ်အတွင်း ကနေဒါသို့တင်ပို့မည့် ၃၆ တန်မှာ ဈေးကွက်သစ်ထဲ၌ အများဆုံးတင်ပို့နိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။

ယခင်က ပြည်ပနိုင်ငံများသို့ တစ်နှစ်လျှင် ကော်ဖီစေ့တန်ချိန် ၁၅၀ ခန့်သာ တင်ပို့နိုင်ခဲ့သော်လည်း ယခု ၂၀၁၈ ခုနှစ်တွင် တန်ချိန် ၃၀၀ ခန့် တိုးမြှင့်တင်ပို့ရန် မျှော်မှန်းထားပြီး လက်ရှိအချိန်အထိ တန်ချိန် ၇၀ ခန့် တင်ပို့ထားပြီးဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

မြန်မာ့ကော်ဖီစေ့ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ မှ ၅၀၀၀ ကြား ရရှိပြီး ကော်ဖီကို မြန်မာနိုင်ငံအထက်ပိုင်း ဒေသများဖြစ်သည့် ရှမ်းပြည်နယ် ရွာငံ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် မိုးကုတ်မြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကာ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧကပေါင်း သုံးသောင်းကျော်ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။

J-11