News

POST TYPE

NEWS

ကောလိပ်ဝင်ခွင့်တွင် အသားအရောင် ကွဲပြားစုံလင်ရေး မူဝါဒကို ထရမ့် ပယ်ဖျက်မည်
05-Jul-2018


ဝါရှင်တန် ဇူလိုင် ၎

အမေရိကန် တက္ကသိုလ်များတွင် လူမျိုးကွဲပြားစုံလင်မှုကို အားပေးသည့် အိုဘားမားလက်ထက် မူဝါဒများကိုထရမ့် အစိုးရက ရုပ်သိမ်းရန် စီစဉ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က စာသင်ကျောင်းများအတွက် အသားအရောင်ဆိုင်ရာ အကြံပြုချက်များ ဖော်ပြထားသော လမ်းညွှန်ချက် ၂၄ ချက်ပါ စာတမ်းကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။

အာရှနွယ်ဖွား အမေရိကန်များကို ဟားဗတ်တက္ကသိုလ်က ကျောင်းဝင်ခွင့် ကန့်သတ်မှုကြောင့် ခွဲခြားဆက်ဆံမှု စွဲချက်ကို ရင်ဆိုင်နေရချိန်တွင် ထိုစာတမ်း ပေါ်ထွက်လာခြင်းဖြစ်သည်။

တက္ကသိုလ်များတွင် အသားအရောင်ခွဲခြားမှု ကင်းစင်ရေးကို ဦးစားပေးရန် အမေရိကန် အထက်ခုံရုံးက ၂၀၁၆ တွင် ဆုံးဖြတ်ချက် ပေးထားပြီးဖြစ်သည်။ သို့ရာတွင် ၂၀၁၆ ခုနှစ်က အဆိုပါ ဆုံးဖြတ်ချက်ကိုပေးခဲ့သူ အထက်ရုံးတရားသူကြီး အန်တိုနီကနေဒီသည် ရာထူးမှ အနားယူကြောင်း ယခင်လက ကြေညာခဲ့သည်။

၎င်းအနားယူမှုကြောင့် ကောလိပ်ဝင်ခွင့်တွင် အသားအရောင် ထည့်သွင်းစဉ်းစားရေးကို အမြင်တူသည့် တရားသူကြီးများအား ခန့်အပ်ရန် ထရမ့်အစိုးရအတွက် အခွင့်အရေး ရသွားခဲ့သည်။

ယူကေတွင် Possitive Action ဟုခေါ်ပြီး အမေရိကတွင် Affirmative Action ဟု လူသိများသော ကျောင်းဝင်ခွင့်တွင် အသားအရောင် ကွဲပြားစုံလင်မှုကို ဦးစားပေးသည့် မူဝါဒသည် အမေရိကတွင် ယခင်ကတည်းက အငြင်းပွားစရာ ဖြစ်ခဲ့သည်။

ကျောင်းသားများကျောင်းဝင်ခွင့် မျှတရေးအဖွဲ့က ဟားဗတ်တက္ကသိုလ်ကို တရားစွဲဆိုသောအမှုတွင် အာရှနွယ်ဖွား အမေရိကန်များအတွက် ကျောင်းဝင်ခွင့် စံနှုန်းများကို မမျှမတ မြှင့်ထားသည်ဟု စွပ်စွဲထားသည်။

တရားရေးဌာနသည် ဟားဗတ် တက္ကသိုလ်အား ခွဲခြားဆက်ဆံမှုစွဲချက်များ ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။ အိုင်ဗီလိခ် နာမည်ကျော်ကောလိပ်၏ ကျောင်းဝင်ခွင့် လုပ်ထုံးလုပ်နည်းများကိုလည်း အများသိအောင် ထုတ်ပြန်ပေးရန် တရားရေးဌာနက ဧပြီလက တိုက်တွန်းထားသည်။

အာရှနွယ်ဖွား အမေရိကန်များသည် ဟားဗတ်သို့ ကျောင်းဝင်ခွင့် လျှောက်ထားသူများ၏ ၂၂ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ဟု တက္ကသိုလ်ဝက်ဘ်ဆိုက်ကဆိုသည်။

အိုဘားမားလက်ထက်က ပညာရေးဌာနနှင့် တရားရေးဌာနတို့ ပူးတွဲထုတ်ပြန်သော လမ်းညွှန်ချက်များတွင် တက္ကသိုလ်များ၌ အသားအရောင် ကွဲပြားစုံလင်ရေးကို မြှင့်တင်ရန် အားပေးတိုက်တွန်းထားသည်။

အိုဘားမားမတိုင်မီ ဘွတ်ရှ်အစိုးရလက်ထက်တွင် တက္ကသိုလ်၌ အသား အရောင် ကွဲပြားစုံလင်မှုကို အားမပေးသော မူဝါဒချမှတ်ခဲ့ခြင်းကြောင့် အိုဘားမားလက်ထက်တွင် ဖျက်သိမ်းကာ အစားထိုး ပြင်ဆင်ခဲ့သည်။

ပညာရေးဌာနဝန်ကြီးဘက်ဆီဒီဗို့စ်ကမူ ကောလိပ်ကျောင်းဝင်ခွင့်နှင့် အသားအရောင်ကိစ္စကို ဆွေးနွေးပြောဆိုခြင်း မပြုလိုကြောင်း မှတ်ချက်ပေးသည်။

“ဒီကိစ္စက ခုံရုံးကိုတင်ပြပြီး ခုံရုံးက သဘောထားပေးရမယ့် ကိစ္စလို့ ထင်ပါတယ်”ဟု သူမက ပြောကြားသည်။

သို့ရာတွင် ၂၀၁၇ ခုနှစ်က PEW သုတေသန စင်တာက ပြုလုပ်ခဲ့သော သဘောထားစစ်တမ်းအရ အမေရိကန် ၇၁ ရာခိုင်နှုန်းက Affirmative Action ကို အကောင်းရှုမြင်ကြသည်ဟု သိရသည်။

F-04