News

POST TYPE

NEWS

ဒဏ်ခတ်အရေးယူမှုများ အမြန်ဆုံးဖယ်ရှားရေး ကူညီပေးရန် တရုတ်သမ္မတကို ကင်ဂျုံအန်း အပူကပ်
03-Jul-2018


တိုကျို၊ ဇူလိုင် ၂

မြောက်ကိုရီးယားအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော ဒဏ်ခတ်အရေးယူမှု များဖယ်ရှားပေးလာအောင် တရုတ်နိုင်ငံ အနေနှင့် အကူအညီပေးရန် ကင်ဂျုံအန်းက တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မေတ္တာရပ်ခံခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ဂျပန်သတင်းစာ ယူမီယူရီရှင်ဘွန်းက ကိုးကားဖော်ပြသည်။ 

သမ္မတဒေါ်နယ်ထရမ့်နှင့် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာတွင် ကင်ဂျုံအန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တတိယအကြိမ်အဖြစ်သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်တွင် သမ္မတရှီကျင့်ဖျင်ကို မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်ဟု သတင်းကဆိုသည်။ 

ကင်ဂျုံအန်း၏ မေတ္တာရပ်ခံချက်အတိုင်း တရုတ်သမ္မတကလည်း အတတ်နိုင်ဆုံး စိတ်ကျေနပ်မှုရရှိအောင် လုပ်ဆောင်ပေးသွားမည်ဟု ကတိပြုခဲ့ကြောင်း ယူမီယူ ရီရှင်ဘွန်း သတင်းစာက ဖော်ပြသည်။ 

“ကျွန်တော်တို့ (နိုင်ငံ) ဟာ စီးပွားရေးပိတ်ဆို့အရေးယူမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ အခုဆိုရင် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကိုလည်း အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါပြီ၊ အဲဒီတော့ ကျွန်တော်တို့အပေါ် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ဆောလျင်စွာ ဖယ်ရှားပေးလာရေးအတွက် တရုတ်နိုင်ငံအနေနဲ့ အကူအညီပေးလုပ် ကိုင်ဆောင်ရွက်ပေးစေလိုပါတယ်” ဟု ကင်ဂျုံအန်းက သမ္မတရှီကျင့်ဖျင်ကို ပြောကြားခဲ့ကြောင်း ယင်းသတင်းစာက ကိုးကားဖော်ပြသည်။ 

လတ်တလောကာလများတွင် စစ်အေးခေတ်ကတည်းက မဟာမိတ်ဖြစ်ခဲ့ကြသော တရုတ်နှင့် မြောက်ကိုရီးယားတို့သည် နျူကလီးယားစမ်းသပ်မှုကြောင့် မပြေမလည်ဖြစ်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်လျက်ရှိသည်။ ယမန်နှစ်ကဆိုလျှင် တရုတ်သည် မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုကြောင့် ကုလသမဂ္ဂဒဏ်ခတ်အရေးယူမှု များပြုလုပ်ရာတွင် ထောက်ခံခဲ့သည်။ 

မြောက်ကိုရီးယားကွန်မြူနစ်အစိုးရ၏ စီးပွားရေးမိတ်ဖက်ဖြစ်သလို သံတမန်ရေးရာ အကာအကွယ်ပေးသူလည်းဖြစ်သည့် တရုတ်နိုင်ငံကို ကင်ဂျုံအန်းက ၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ရွေးချယ်ကာ ထရမ့်-ကင်ထိပ်သီးဆွေးနွေး ပွဲမကျင်းပမီ သွားရောက်ခဲ့ပြီး ယင်းထိပ်သီး ဆွေးနွေးပွဲအပြီး သွားရောက်ခြင်းသည် ကင်ဂျုံအန်းနှင့် ရှီကျင့်ဖျင်တို့ တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ 

ယူမီယူရီရှင်ဘွန်းသတင်းစာအဆိုအရ မြောက်ကိုရီးယား၏ စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်လျက်ရှိသော ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားရေးတွင် ကူညီပေးရန် ကင်ဂျုံအန်းက ရှီကျင့်ဖျင်ကို မေတ္တာရပ်ခံခဲ့ပြီး တရုတ်အနေနှင့် မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ နျူကလီးယားဖြုတ်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှုများကို ထောက်ခံပေးရန် တိုက်တွန်းခဲ့သည်။ 

ရှီကျင့်ဖျင်ကလည်း မြောက်ကိုရီးယား၏ ပြုပြင်ပြောင်းလဲမှုများနှင့် တံခါးဖွင့်စနစ် ကျင့်သုံးရန် ကြိုးပမ်းမှုများကို တက်တက်ကြွကြွ ကူညီပံ့ပိုးသွားမည်ဖြစ်သည်ဟု ကင်ဂျုံအန်းကို ပြန်လည်အသိပေးပြောဆိုခဲ့သည်။ 

ထို့ပြင် မြောက်ကိုရီးယားအနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် စေ့စပ်ဆွေးနွေးနေသည့်အတိုင်း တရုတ်နိုင်ငံ နှင့်လည်း တိုင်ပင်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်သွားရန် ရှီကျင့်ဖျင်က တိုက်တွန်းသည်ဟု ယင်းသတင်းစာကဆိုသည်။ 

မြို့တော်ဘေဂျင်းသို့ ကင်ဂျုံအန်း တတိယအကြိမ်သွားရောက်ပြီး ရှီကျင့်ဖျင်နှင့်တွေ့ဆုံမှုသည် မြောက်ကိုရီးယားအနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် ထိပ်သီးဆွေးနွေးပွဲများပြုလုပ်ကာ ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ကြိုးစားလျက်ရှိသော်ငြားလည်း အစဉ်အလာမဟာ မိတ်တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို လျစ်လျူရှုမည်မဟုတ်ဟူသောအချက်ကို ဖော်ပြခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။ 

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားလက်နက် ကင်းစင်ရန်မျှော်လင့်ထားကြသည်။ 

ဤအတောအတွင်းမှာပင် အမေရိ ကန်အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘိုလ်တန်က မြောက်ကိုရီးယား နျူကလီးယားလက်နက်အစီ အစဉ်ကို တစ်နှစ်အတွင်း ဖျက်သိမ်းပစ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

F-01