News

POST TYPE

NEWS

ဟောင်ကောင်တွင် တင်းကျပ်မှုများ ကြီးထွားလာမှုကြောင့် ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ
03-Jul-2018


ဟောင်ကောင်၊ ဇူလိုင် ၂

တနင်္ဂနွေနေ့က ဟောင်ကောင် မြို့လယ်တွင် ဆန္ဒပြသူများက ဒီမိုကရေစီလိုလားသော ချီတက်ပွဲများ ကျင်းပခဲ့ကြပြီး အာဏာပိုင်များ၏ မကြုံစဖူး ဖိအားပေး တင်းကျပ်မှုများကြောင့် ဆန္ဒပြပွဲများ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု စီစဉ်သူများက ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

၂၀၁၄ တွင် ဟောင်ကောင်၌ ဒီမိုကရေစီလိုလားသောဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး တရုတ်ပြည်မထံမှ လွတ်လပ်ရေး တောင်းဆိုသူများ ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်း ဘေဂျင်းက ဟောင်ကောင်၏ အတိုက်အခံ ဆန့်ကျင်မှုလက္ခဏာများကို သည်းမခံနိုင် ဖြစ်လာခဲ့သည်။

ဟောင်ကောင်တွင် ပြည်မကြီး၌ မရှိသော လွတ်လပ်ခွင့်အချို့ ရရှိထားသော်လည်း ကွန်မြူနစ်ဘေဂျင်းနှင့် သစ္စာခံဒေသန္တရအစိုးရတို့ထံမှ ခြိမ်းခြောက်မှုကြောင့် လွတ်လပ်ခွင့်များ ဆုံးရှုံးမည့် အန္တရာယ်များရှိနေသည်။

ဟောင်ကောင်ကို ဗြိတိန်ထံမှ တရုတ်က လွှဲပြောင်းရယူသည့်နေ့တွင် ပြုလုပ်လေ့ရှိသော ဆန္ဒပြပွဲများမကျင်းပမီ စီစဉ်သူများကတင်ပြသော စုရပ်နေရာအတော်များများကို ရဲဌာနက ပယ်ချခဲ့သည်။

ယခင်က ဗစ်တိုးရီးယားပန်းခြံရှိ ဘောလုံးကွင်းများအတွင်း ဆန္ဒပြသူများ စုဝေးခဲ့ကြသော်လည်း မနှစ်က ဟောင်ကောင် လွှဲပြောင်းလက်ခံမှု နှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် ရှီကျင့်ဖျင် လာရောက်ခဲ့ပြီးနောက်ပိုင်း ထိုနေရာများသည် ဘေဂျင်းထောက်ခံပွဲကျင်းပရာနေရာ ဖြစ်သွားခဲ့သည်။

“ဒီနှစ်ကတော့ ချီတက်ပွဲတွေကို တင်းကျပ်ဖို့အတွက် အာဏာပိုင်တွေက နည်းပေါင်းစုံ အသုံးပြုခဲ့ကြတဲ့ အလှည့်အပြောင်းနှစ်တစ်ခု ဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲများစီစဉ်သော အရပ်သား လူ့အခွင့်အရေးတပ်ဦးမှ ဆမ်ပီအိုင်ပီက ပြောကြားသည်။

ချီတက်ပွဲလမ်းကြောင်းတစ်လျှောက် ပါဝင်လာမည်ဆိုပါက ဥပဒေနှင့်မညီသော စုဝေးမှုဖြင့် ဖမ်းဆီးခံရမည်ဟု ရဲများက သတိပေးခြင်းသည် ပြည်သူများကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ယခုချီတက်ပွဲများကို ပန်းခြံအတွင်း တစ်ဖက်ခြမ်းရှိ မြက်ခင်းပြင်များတွင် စတင်စုဝေးကာ အစိုးရရုံးပေါင်းစုံ ရှိရာတွင် အဆုံးသတ်ခဲ့ကြပြီး “တစ်ပါတီ အာဏာရှင်စနစ်ကို အဆုံးသတ်ကြ၊ ဟောင်ကောင်ယိုယွင်းလာမှုကို ငြင်းပယ်ကြ” စသည့် ကြွေးကြော်သံများကို ဆန္ဒပြသူများက ဟစ်ကြွေးခဲ့ကြသည်။

ချီတက်ပွဲတွင် ပါဝင်သူ မစ္စလျူ ၇၄ နှစ်က “မျှတတဲ့ ရပိုင်ခွင့်အတွက် ဆန္ဒပြကြတာပါ။ ဟောင်ကောင်ရဲ့ ပြဿနာတွေကတော့ အမြဲတမ်း အသည်းအသန်ဖြစ်နေတာပါပဲ။ ဒါပေမဲ့ အခု ပိုဆိုးလာတယ်”ဟု ပြောကြားသည်။

လူမှုဆိုင်ရာလုပ်သား အိုင်းရစ်ဝမ်း ၂၆ နှစ်က “ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေ ပိတ်ပင်ခံရမှာ စိုးရိမ်ပါတယ်။ အစိုးရက ပြည်သူတွေအတွက် လုပ်နေတာမဟုတ်ဘူးလို့ ဟောင်ကောင်ပြည်သူတွေက ခံစားနေရတယ်”ဟု ပြောကြားသည်။

ချီတက်ပွဲတွင် လမ်းခုလပ်မှ ပါဝင်ခြင်းအား ရဲများက ပိတ်ပင်ထားခြင်းကို ဆန္ဒပြပြည်သူများက လျစ်လျူရှုကာ ပါဝင်ချီတက်ခဲ့ခြင်းအတွက် ကျေးဇူးတင်သည်ဟု ချီတက်ပွဲစီစဉ်သူများက ပြောကြားသည်။

၂၀၁၄ umbrella လှုပ်ရှားမှုနောက်ပိုင်းတွင် ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများကို ဥပဒေနှင့် မညီသော ဆန္ဒပြမှုစွဲချက်များဖြင့် အာဏာပိုင်များက အရေးယူခဲ့သည်။ ဒီမိုကရေစီ ခေါင်းဆောင်များကို အုပ်ချုပ်ရေးပိုင်းတွင် မပါဝင်နိုင်အောင် ပိတ်ပင်ထားပြီး ရွေးကောက်ပွဲများတွင် လူထုထောက်ခံမဲဖြင့် ရွေးချယ်ခံရသူများကိုလည်း အာဏာပိုင်များက ပယ်ချခဲ့ကြသည်။

F-04