News

POST TYPE

NEWS

ကိုင်ရတွယ်ရ မခက်နိုင်ပါ
28-Jun-2018
ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသူကို ခန့်အပ်ရတာဖြစ်တဲ့အတွက်၊ အစိုးရအဖွဲ့က ခန့်အပ်တာမဟုတ်တဲ့အတွက် ပြည်ထဲရေးကို ကိုင်ရတွယ်ရတာ၊ ဖြေရှင်းရတာ ခက်ခဲတဲ့အကြောင်း ဖော်ပြထားတဲ့ သတင်းလေးတွေ ဖတ်ရပါတယ်။

ဒီလိုအပြောမျိုးကို အရင့်အရင်တုန်းကလည်း ပြောနေကြသံတွေ ကြားရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ လူကြီးပိုင်းကပါပြောလာတာဖြစ်တဲ့အတွက် လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့၊ နယ်စပ်ရေးရာတို့ရဲ့ ပြည်ထောင်စုဝန်ကြီးများကို ဘယ်သူတွေက ခန့်အပ်ထားသလဲ၊ သူတို့တွေဟာ ဘယ်သူတွေကို တာဝန်ခံပြီး လုပ်ကိုင်ဆောင်ရွက်နေကြသလဲ၊ ဘယ်သူ့ကြီးကြပ်မှုအောက်မှာရှိနေသလဲဆိုတာကို တင်ပြဖို့လိုဦးမယ်လို့ ယူဆမိပါတယ်။

အခြေခံဥပဒေပုဒ်မ ၅၈ မှာ “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်”လို့ ပြဋ္ဌာန်းထားတဲ့အတွက် တစ်နိုင်ငံလုံးမှာနေထိုင်တဲ့ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုအဖွဲ့အစည်းပဲဖြစ်ဖြစ် သမ္မတကြီးရဲ့လက်အောက်မှာ မရှိဘူးဆိုတဲ့အယူအဆမျိုးက လွဲနေမယ်ထင်ပါတယ်။ သမ္မတကြီးဟာ တစ်နိုင်ငံလုံးမှာ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်နေရာကို ရရှိထားပြီး ဖြစ်ပါတယ်။

နောက်တစ်ခါ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့လည်း ပုဒ်မ ၁၉၉ (က) မှာ “နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်”လို့ အတိအလင်းဆိုထားပြီး ဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာ လုပ်ကိုင်ဆောင်ရွက်တဲ့သူမှန်သမျှ နိုင်ငံတော်သမ္မတကြီးရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ကို အလိုလိုရောက်ရှိနေပြီးသား ဖြစ်ပါတယ်။ 

ဒီနေရာမှာတော့ ပြည်ထဲရေးလို့သာဆိုတဲ့အတွက် ပြည်ထဲရေးနှင့် ပတ်သက်လို့သာတင်ပြမှာပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က ပြည်ထောင်စုဝန်ကြီးပါ။ ဒီပြည်ထောင်စုဝန်ကြီးရယ်၊ ဒုတိယဝန်ကြီးရယ်၊ အမြဲတမ်းအတွင်းဝန်တို့၊ ညွှန်ကြားရေးမှူးချုပ်တို့ကို ဘယ်သူတွေခန့်အပ်ထားသလဲဆိုတာကို လေ့လာရမှာပါ။

ပုဒ်မ ၂၃၂ (ခ) (၂) မှာ “ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်” လို့ ပါနေတဲ့အတွက် ဒီဝန်ကြီးသုံးဦးနေရာမှာ ခန့်ထားမယ့် ပုဂ္ဂိုလ်များကို ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သမ္မတကြီးထံ အမည်စာရင်းတင်ပြရပါတယ်။

ဝန်ကြီးဌာနအားလုံးအတွက် လျာထားအမည်စာရင်းကို သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီးတော့ လွှတ်တော်ရဲ့အတည်ပြုချက်နဲ့ သမ္မတကြီးက ခန့်အပ်တာဝန်ပေးတာပါ။ ဒီတော့ စောစောက ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးတဲ့ ဝန်ကြီးများက ဘယ်သူ့ကိုတာဝန်ခံရသလဲ၊ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးတာဖြစ်တဲ့အတွက် သူ့ကိုတာဝန်ခံရသလား၊ သူ့ကြီးကြပ်ကွပ်ကဲမှုအောက်မှာရှိနေသလားဆိုတာကို ပြန်ကြည့်ရမှာပါ။ 

ပုဒ်မ ၂၃၂ (ဇ) မှာ “ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်”လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီတော့ ဘယ်ပြည်ထောင်စုဝန်ကြီးပဲဖြစ်ဖြစ် နိုင်ငံတော်သမ္မတကြီးကိုသာ တာဝန်ခံပြီး လုပ်ကိုင်ဆောင် ရွက်ရတာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ခံပြီး ဆောင်ရွက်ရတဲ့သူမရှိပါဘူး။ အမည်စာရင်း ပေးတယ်ဆိုတာကတော့ ဒီဝန်ကြီးဌာနသုံးခုနေရာတွေက တပ်မတော်သားတွေနဲ့ သင့်လျော်တယ်လို့ ယူဆခဲ့ကြတဲ့အတွက်သာ အခြေခံဥပဒေကို ဒီလိုရေးဆွဲခဲ့ကြတာဖြစ်မှာပါ။ 

ဒီနေရာမှာ သတိထားရမှာက ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးရုံသာဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာတော့ စစ်ဘက်ဆိုင်ရာတာဝန်များကို ပြန်လည်ထမ်းဆောင် စေလိုက်သည်ဆိုတဲ့ အမိန့်မရမချင်း နိုင်ငံတော်သမ္မတကြီးရဲ့ ကြီးကြပ်လမ်းညွှန်မှုအောက်မှာပဲ အလုပ်လုပ်ရမှာပါ။ ဒါက တာဝန်ခံမှုကိုသာ ဆိုလိုတာပါ။ တကယ်တမ်းပြောရရင်တော့ ပုဒ်မ ၅၈ အရ သမ္မတကြီးဟာ အားလုံးရဲ့အထွတ်အထိပ်နေရာကို ရထားပြီးဖြစ်တဲ့အတွက် ဘယ်သူပဲဖြစ်ဖြစ် သူ့လက်အောက်မှာမရှိဘူးလို့ ပြောဖို့ခက်မှာပါ။

ပုဒ်မ ၂၃၄ (ခ) အရ ဒုတိယဝန်ကြီးများ ခန့်အပ်ရာမှာလည်း အလားတူပါပဲ။ ဝန်ကြီးဌာနသုံးခုအတွက် ဒုတိယဝန်ကြီးများကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်ပြရပါတယ်။ ပုဒ်မ ၂၃၄ (င) မှာ “ဒုတိယဝန်ကြီးများသည် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးအား လည်းကောင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်”လို့ ပြဋ္ဌားန်ထားတဲ့အတွက် ဒုတိယဝန်ကြီးတွေလည်း သမ္မတကြီးရဲ့ ကြီးကြပ်မှု၊ သက်ဆိုင်ရာဝန်ကြီးများရဲ့ကြီးကြပ်မှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။

ဝန်ကြီး၊ ဒုတိယဝန်ကြီးများရဲ့ အောက်အဆင့်ဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်များကိုလည်း ပုဒ်မ ၂၀၈ မှာ “နိုင်ငံတော်သမ္မတသည် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းပြုနိုင်သည်”ဆိုတဲ့ ပြဋ္ဌာန်းချက်အရ သမ္မတကြီးကပဲ ခန့်အပ်ပိုင်ခွင့်၊ ထုတ်ပယ်ပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ 

ပြည်ထောင်စုအဆင့်ပြီးတော့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များကို ဆက်လေ့လာဖို့လိုပါမယ်။ ပုဒ်မ ၂၆၂ (က) (၂) မှာ “လုံခြုံရေးနှင့် နယ်စပ်ရေးရာတာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို တောင်းခံရမည်” လို့ ပါနေတဲ့အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတွေက တပ်မတော်သားတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ သူတို့လည်းပဲ ပုဒ်မ ၂၆၂ (ဌ) (၂) မှာ “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်” ဆိုတဲ့ပြဋ္ဌာန်းချက်အရ ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ခံပြီး လုပ်ကိုင်ဆောင်ရွက်ရတာ မဟုတ်ပါဘူး။ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသတွေမှာလည်း ဦးစီးအဖွဲ့ဝင်အဖြစ် တပ်မတော်သားများ ပါနေပြန်ပါတယ်။ ပုဒ်မ ၂၇၆ (ဃ) (၂) မှာ “လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား ကိုယ်စားလှယ်များ”လို့ ပါတဲ့အတွက်ပါ။ ပုဒ်မ ၂၇၆ (ဈ) မှာလည်း “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့တွင် ဦးစီးအဖွဲ့ဝင်စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သည့် ဦးစီးအဖွဲ့ဝင်ဦးရေကို တပ်မတော်သားများဖြင့် လိုအပ်သလို ဖြည့်စွက်တာဝန်ပေးနိုင်သည်”လို့ ပြဋ္ဌာန်းထားတာ ရှိပါတယ်။

အဲ့ဒီပုဂ္ဂိုလ်တွေလည်း ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ခံရတာမဟုတ်ပါဘူး။ ပုဒ်မ ၂၇၆ (ဋ) (၃) မှာ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များသည် ယင်းတို့၏ ဥက္ကဋ္ဌအား တာဝန်ခံရမည်”လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ပြည်ထောင်စုနယ်မြေဖြစ်တဲ့ နေပြည်တော်ကောင်စီရဲ့အုပ်ချုပ်ရေး ယန္တရားမှာလည်း တပ်မတော်သားတွေ ပါပါတယ်။ ပုဒ်မ ၂၈၅ (ခ) (၃) မှာ “ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ပေးနိုင်ရေးအတွက် ကောင်စီဝင်သို့မဟုတ် ကောင်စီဝင်များအဖြစ် တာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသည့် သင့်လျော်သော တပ်မတော်သား သို့မဟုတ် တပ်မတော်သားများ၏ အမည်စာရင်းကိုရယူရမည်”လို့ ပြဋ္ဌာန်းထားတဲ့အတွက်ပါ။ ပုဒ်မ ၂၈၅ (ဂ) မှာ “နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ ကောင်စီဝင်များသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်”လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဘယ်နေပြည်တော်ကောင်စီဝင်ပဲဖြစ်ဖြစ် ကောင်စီဥက္ကဋ္ဌကတစ်ဆင့် နိုင်ငံတော်သမ္မတကြီးကိုသာ တာဝန်ခံပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ 

အားလုံးခြုံကြည့်လိုက်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသူတွေဖြစ်ပေမယ့် ကြီးကြပ်မှုအပိုင်း၊ တာဝန်ခံမှုအပိုင်းမှာတော့ သမ္မတကြီးကိုပဲ တာဝန်ခံရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သာသွားမှာပါ။ 

ကိုင်ရတွယ်ရခက်တယ်ဆိုတာကတော့ ဘာကြောင့်များ ပြောသလဲ မသိပါဘူး။ ဒါကို ဒီလိုလုပ်ပါ၊ ဒီလိုဆောင်ရွက်ပါလို့ ပြောနေတဲ့ကြားထဲကများ လမ်းညွှန်မှုကို မနာခံလို့လားတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ အများအားဖြင့်ကတော့ တပ်ကလာတဲ့သူများဟာ အမိန့်နာခံမှု အရမ်းကောင်းကြတာကိုတွေ့ရပါတယ်။ အထက် အမိန့်ဆိုတာနဲ့ တစ်သဝေမတိမ်းလိုက်နာတတ်ကြတာများပါတယ်။ ခြွင်းချက်ဆိုတာကတော့ ဘယ်နေရာမှာ ပဲဖြစ်ဖြစ်ရှိနိုင်မှာပါပဲ။

ကိုယ့်ရဲ့ကြီးကြပ်မှုအောက်မှာရှိနေတာဖြစ်တဲ့အတွက် ကိုင်တွယ်ရတာတော့ သိပ်မခက်ခဲနိုင်ဘူးလို့ မြင်မိပါတယ်။ အရင်က တပ်မတော်သားပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ နယ်ဘက်အုပ်ချုပ်ရေးတာဝန်တွေကို ထမ်းဆောင်နေရတာဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးရဲ့ ဦးဆောင်မှုနောက်ကိုပဲ ဖြောင့်ဖြောင့်တန်းတန်း လိုက်ပါကြရမှာပါ။ လက်ရှိလည်း လိုက်ပါဆောင်ရွက်နေကြတယ်လို့ပဲ မြင်မိပါတယ်။ ကန့်လန့်တိုက်ပြီး ဆောင်ရွက်နေတာမျိုး မမြင်မိပါဘူး။

ခန့်ထားတာကတော့ အခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်တဲ့သူကို ခန့်လိုက်ပြီ။ ဒါဆိုရင် ကာကွယ်ရေးဦးစီးချုပ် ခိုင်းတာတွေကို နယ်ဘက်အုပ်ချုပ်ရေးမှာ လာလုပ်နေမှာလား။ ဒီလို မဟုတ်ပါဘူး။ သမ္မတကြီးကို တာဝန်ခံပြီးဆောင်ရွက်ရတာဖြစ်တဲ့အတွက် သမ္မတကြီးရဲ့ ကြီးကြပ်လမ်းညွှန်မှုအောက်မှာသာ တာဝန်ထမ်းဆောင်ကြရတာဖြစ်ပါတယ်။ သူ့သဘောသူဆောင်ပြီး လုပ်ကိုင်ဆောင်ရွက်လို့မရပါဘူး။ ဒီကြားထဲကမှ ကိုင်တွယ်ရခက်နေတယ်ဆိုတာကတော့ ဘာကိုဆိုလို သလဲဆိုတာ ရှင်းရှင်းလင်းလင်း သဘောမပေါက်မိပါဘူး။

တကယ့်ကို ကိုင်တွယ်ရခက်နေတယ်ဆိုရင် စစ်ဘက်ဆိုင်ရာမူလ တာဝန်များပြန်လည်ထမ်းဆောင်စေလိုက်သည်ဆိုတဲ့ အမိန့်ထုတ်လိုက်လို့ရပါတယ်။ ဒါဆို နောက်တစ်ယောက်ပြောင်းပေါ့။ လက်ရှိပြည်ထောင်စု အစိုးရလက်ထက်မှာလည်း ပြည်ထောင်စုအဆင့်ကို စစ်ဘက်ပြန်ပို့တာ မျိုးမတွေ့ရသေးပေမယ့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွေမှာတော့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတွေကို အပြောင်းအလဲလုပ်တာတွေ တွေ့နေရပါတယ်။ 

ဒီနေရာမှာ အလျဉ်းသင့်လို့ တင်ပြရရင် တချို့ပုဂ္ဂိုလ်တွေပြောတဲ့ အုပ်ချုပ်ရေးကို ကာကွယ်ရေးဦးစီးချုပ်က ကိုင်ထားတယ်၊ အထူးသဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်တို့၊ နေပြည်တော်ကောင်စီတို့ရဲ့ အတွင်းရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဖြစ်ပြီး ဒီဌာနက ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ ရှိနေတယ်၊ ဒီဝန်ကြီးကိုလည်း ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းတဲ့သူဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားဟာ သမ္မတကြီးအောက် မှာမရှိဘူးဆိုတဲ့ လေသံမျိုးနဲ့ပတ်သက်လို့လဲ အဲ့ဒီအယူအဆဟာ လုံးဝမမှန်တဲ့အကြောင်း ပြောလိုပါတယ်။ 

အုပ်ချုပ်ရေးယန္တရားမှာ လုပ်ကိုင်ဆောင်ရွက်သူမှန်သမျှဟာ ပြည်ထောင်စုအဆင့်မှာနေရင်လည်း နိုင်ငံတော်သမ္မတကြီးရဲ့ ကြီးကြပ်လမ်း ညွှန်မှုအောက်မှာ ရှိနေသလိုပဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်နှင့် မြို့နယ်အဆင့်မှာ တာဝန်ထမ်းဆောင်သူများဟာလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုတွေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနှင့်အညီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များရဲ့ လမ်းညွှန်မှုများနှင့်အညီသာ လုပ်ကိုင်ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရားကလူတွေကို ကာကွယ်ရေးဦးစီးချုပ်က ဘာတွေညွှန်ကြားလိုက်တယ်ဆိုတာမျိုး မတွေ့ဖူးပါဘူး။ 

နောက်ပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများဆိုရင်လည်း သက်ဆိုင်ရာဝန်ကြီးချုပ်များရဲ့ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုအောက်မှာသာ လုပ်ကိုင်ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့လက်အောက်က ဝန်ထမ်းတွေလို့ ဆိုပေမယ့်ပြည်ထောင်စုဝန်ကြီးနဲ့ ထိတွေ့ဆက်ဆံရတာက အလွန်နည်းပြီးတော့ ဝန်ကြီးချုပ်များနဲ့သာ အနီးကပ်ထိတွေ့ဆက်ဆံပြီးတော့ လမ်းညွှန်မှုခံယူကာ လုပ်ကိုင်ဆောင်ရွက်နေကြရတာဖြစ်ပါတယ်။ ဒီတော့ အုပ်ချုပ်ရေးဟာ အရပ်သားအစိုးရလက်အောက်မှာ မရှိဘူးဆိုတဲ့အယူအဆမျိုးက မှားယွင်းတယ်လို့ ပြောလိုပါတယ်။ အားလုံးဟာ နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ကြီးကြပ်မှုအောက်မှာ လုံးလုံးလျားလျား ရောက်ရှိနေကြပါတယ်။

ဒီတော့ ကိုင်တွယ်ရခက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ကိုင်ရတွယ်ရမခက်တဲ့အကြောင်းသာ တင်ပြလိုရင်းဖြစ်ပါတယ်။ 

လက်ရှိအချိန်ဟာ နိုင်ငံတော်အတွက် အရမ်းကို အရေးကြီးနေတဲ့ အခြေအနေအချိန်အခါကို ရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ သမ္မတကြီးနှင့်အတူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုး သားပြန်လည်ရင်ကြားစေ့ရေးဆိုတာတွေကို အင်တိုက်အားတိုက် ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ ဒီအရေးမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူအားလုံး လက်တွဲပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အချင်းချင်း စိတ်ဝမ်းကွဲပြားစေမယ့်စကားမျိုးကို မပြောတာမဆိုတာပဲ အကောင်းဆုံးဖြစ်ပါတယ်။ ရှေ့သို့သာသွား၊ သောကြာကြယ်အလားဆိုတဲ့အတိုင်း ရှေ့ကိုသာ အားလုံး စိတ်တူကိုယ်တူနဲ့ ချီတက်ကြရမယ့်အချိန်ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပြည်ထဲရေးကို ကိုင်တွယ်ရတာ ခက်တယ်ဆိုတာမျိုးကတော့ သိပ်ပြီးမသင့်လျော်ဘူးလို့ ထင်မြင်မိပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာ လုပ်ကိုင်ဆောင်ရွက်သူမှန်သမျှဟာ နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ကြီးကြပ်မှုအောက်မှာရှိနေတဲ့ပုဂ္ဂိုလ် များသာဖြစ်တဲ့အတွက် ကိုင်ရတွယ်ရတာ မခက်ခဲနိုင်ဘူးလို့သာ ထင်မြင်ယူဆမိကြောင်းပါခင်ဗျာ။

သိုက်စိုးထွန်း (နတ်ရွာ)