News

POST TYPE

NEWS

အီးယူနှင့် ကုန်သွယ်ရေးစစ်မဖြစ်မီ အလံဖြူစထောင်ပြသလိုဖြစ်သွားသည့် ဟာလီဒေဗစ်ဆင်ကို ဒေါ်နယ်ထရမ့် ပြစ်တင်ဝေဖန်
27-Jun-2018


ဝါရှင်တန်၊ ဇွန် ၂၆ 

ဥရောပသမဂ္ဂ (အီးယူ) ၏ အခွန်စည်းကြပ်ကောက်ခံမှုကို ရှောင်ရှားနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုတွင်း တပ်ဆင်ထုတ်လုပ်မှုမပြုတော့ဘဲ အခြားနိုင်ငံတစ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေသည့် ကမ္ဘာကျော် ဟာလီဒေဗစ်ဆင် မော်တော်ဆိုင်ကယ်ကို သမ္မတဒေါ်နယ်ထရမ့်က ပြစ်တင်ဝေဖန်လိုက်ကြောင်း ဥရောပသတင်းဌာနများက ရေးသားဖော်ပြသည်။ 

အီးယူ၏ အခွန်ကောက်ခံမှုကိုရှောင်ရှားရန် ဟာလီဒေဗစ်ဆင်၏ အစီအစဉ်နှင့်ပတ်သက်၍ ထရမ့်က လွန်စွာအံ့အားသင့်ရကြောင်း ပြောကြားသည်။ 

သမ္မတဒေါ်နယ်ထရမ့်အုပ်ချုပ်ရေးအဖွဲ့နှင့် ဥရောပသမဂ္ဂ (အီးယူ) အကြား ကုန်သွယ်ရေးစစ်ဖြစ်မည့် အခြေအနေသို့ ရောက်ရှိနေပြီး အီးယူမှတင်ပို့သောကုန် ပစ္စည်းများ (မော်တော်ကားများအပါအဝင်) ကို အခွန်ကောက်ခံရန်စီစဉ်မှုကြောင့် အီးယူကလည်း အမေရိကန်ထုတ်ကုန်များကို လက်တုံ့ပြန်သည့်အနေနှင့် အခွန်ကောက်ခံမည်ဖြစ်ရာ ဟာလီဒေဗစ်ဆင် ဆိုင်ကယ်ကုမ္ပဏီက အမေရိကတွင် မထုတ်လုပ်ဘဲ အခြားတစ်နေရာတွင် ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ သမ္မတထရမ့်က ဟာလီဒေဗစ်ဆင်သည် ကုန်သွယ်ရေးစစ်ပွဲတွင် ပထမဆုံးအလံဖြူထောင်ပြသူဖြစ်သည်ဟု မှတ်ချက်ပေးလိုက်သည်။ “ကျွန်တော့်မှာတော့ သူတို့အတွက် ခဲရာခဲဆစ်တိုက်ပွဲဝင်ခဲ့ရတာ”။ 

အမေရိကန်အိမ်ဖြူတော်မှ ပြန်ကြားရေးအရာရှိဆာရာဆန်းဒါးစ်က တနင်္လာနေ့ ပုံမှန်သတင်းထုတ်ပြန်ရာတွင် အီးယူသည် မျှတမှုမရှိသလို ခွဲခြားဖိနှိပ်သောမူဝါဒတို့ဖြင့် အမေရိကန်အလုပ်သမားများကို ဒဏ်ခတ်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။ 

“သမ္မတထရမ့်အနေနဲ့ လွတ်လပ်မျှတပြီး အပြန်အလှန်အကျိုးဖြစ်တဲ့ကုန် သွယ်ရေးပေါ်ပေါက်အောင် တွန်းအားလုပ်ဆောင်သွားပါလိမ့်မယ်။ အီးယူအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းမယ်လို့ ကျွန်မတို့မျှော်လင့်ထားတယ်”ဟု ၎င်းက ပြောကြားသည်။

ဟာလီဒေဗစ်ဆင်က ဥရောပဈေးကွက်အတွက် ဆိုင်ကယ်ထုတ်လုပ်မှုကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့မည်ဟု ကြေညာသည်။ 

အီးယူက ကောက်ခံမည့် အခွန်များသည် မိမိတို့ကုမ္ပဏီအပေါ်ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ရပ်ဖြစ်သလို နိုင်ငံတကာသို့ ရောင်းချသည့်အခန်းကဏ္ဍကိုလည်း ခြိမ်းခြောက်လာမည်ဖြစ်ကြောင်း ဝစ်ကွန်ဆင်ပြည်နယ်အခြေစိုက် ဟာလီဒေဗစ်ဆင်ကုမ္ပဏီက ပြောကြားသည်။ 

အီးယူက ကောက်ခံမည့် အခွန်စည်းကြပ်မှုကြောင့် ဆိုင်ကယ်တစ်စီးလျှင် ဒေါ်လာ ၂၂၀၀ ခန့်ပေးဆောင်ရလိမ့်မည်ဖြစ်သည်ဟု ဟာလီဒေဗစ်ဆင်ကုမ္ပဏီက ခန့်မှန်းသည်။ ဟာလီဒေဗစ်ဆင်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းဥရောပ၌ မော်တော်ဆိုင်ကယ်အစီးပေါင်း လေးသောင်းနီးပါး (၃၉၇၇၃ စီး) ရောင်းချနိုင်ခဲ့သည်။ ယခုနှစ်အတွင်းအီးယူ၏ အခွန်စည်းကြပ်မှုကြောင့် အမေရိကန်ဒေါ်လာ ၄၅ သန်းခန့် ပိုမိုသုံးစွဲခဲ့ရသည်ဟု ဟာလီဒေဗစ်ဆင်က ဆိုသည်။

ယခုလို အခြားနိုင်ငံများတွင် ဆိုင်ကယ်ထုတ်လုပ်ရန် ဟာလီဒေဗစ်ဆင်၏ ကြိုးပမ်းချက်သည် ထရမ့်အုပ်ချုပ်ရေးအဖွဲ့နှင့် အီးယူအကြား ကုန်သွယ်ရေးအချေတင်ဖြစ်မှု၏ ထင်ရှားသောရလဒ်ဖြစ်သည်။ 

ဟာလီဒေဗစ်ဆင်သည် အမေရိကတွင်သာမက ဩစတြေးလျ၊ ဘရာဇီး၊ အိန္ဒိယနှင့် အရှေ့တောင်အာရှဒေသမှ ထိုင်းနိုင်ငံတို့တွင် ဆိုင်ကယ်ထုတ်လုပ်ရေး စက်ရုံများဖွင့်လှစ်ထားသည်။ ဟာလီဒေဗစ်ဆင်က နိုင်ငံတကာရှိစက်ရုံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည်ဟုလည်း ဆိုသည်။ 

“လာမည့် ကိုးလကနေ ၁၈ လ အတွင်းထုတ်လုပ်မှု မြှင့်တင်သွားနိုင်မည်ဟု မျှော်လင့်ထားပါသည်”ဟု ဖော်ပြထားသည်။  

F-01


  • VIA