News

POST TYPE

NEWS

ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း ကလေးတက္ကသိုလ်တွင် ကျင်းပ
26-Jun-2018

ကလေး၊ ဇွန် ၂၆ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တ.က.သ) ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၂ နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့ကြောင်း အဆိုပါအဖွဲ့မှ အတွင်းရေးမှူး ကိုဟိန်းသန့်ဝင်းက ပြောကြားသည်။

ယင်းနေ့ နံနက် ၉ နာရီခန့်မှစတင်ကာ ၁၁ နာရီခန့်အထိ ကလေးတက္ကသိုလ်ဝင်းအတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမအနီး ရေလယ်ကျွန်းတွင် ကျောင်းသား၊ ကျောင်းသူ ၅၀ နီးပါးဖြင့် အဆိုပါ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုတွင် ကျဆုံးသွားသည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ဂုဏ်ပြုအလေးပြုခြင်း၊ ဆလိုင်းတင်မောင်ဦး၏ ကိုယ်ရေးအကျဉ်းပါသည့် စာရွက်စာတမ်းများကို ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ကြောင်း ကိုဟိန်းသန့်ဝင်းက ပြောဆိုသည်။

“ကျောင်းသားတွေက ကျောင်းသားတွေထဲက သူရဲကောင်းတွေအကြောင်း သိသွားပြီးရင် ကျောင်းသားတွေဆိုတာ ဘယ်လောက်ထိ လုပ်နိုင်တယ်။ ငါတို့လည်း ဘယ်လောက်ထိ လုပ်နိုင်မယ်ဆိုတဲ့ အတွေးတစ်ခု ဝင်သွားအောင် လုပ်တာပါ။ ကျောင်းသားခေါင်းဆောင်ကို သတ်တဲ့သူကို ပြန်မုန်းဖို့အတွက် လုပ်တာမဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

တက္ကသိုလ်ကျောင်းသား ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သည့် ဆလိုင်းတင်မောင်ဦးသည် ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုအနေနှင့် ၁၉၇၄ ခုနှစ် ဦးသန့် အရေးတော်ပုံ၊ အလုပ်သမားအရေး၊ မှိုင်းရာပြည့်အရေးနှင့် ရွှေတိဂုံသပိတ်အရေးစသည့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ပြီး ယင်းသို့ပါဝင်လှုပ်ရှားမှုကြောင့် ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အသက် ၂၅ နှစ်အရွယ်၌ ကြိုးပေးကွပ်မျက်ခံခဲ့ရပြီး သေဆုံးခဲ့သည်။

R-20