News

POST TYPE

NEWS

အမေရိကထဲသို့ တရားမဝင် ရွှေ့ပြောင်းအခြေချလာသူများကို တရားစီရင်မှုမပြုဘဲ ချက်ချင်းမောင်းထုတ်သင့်သည်ဟု ဒေါ်နယ်ထရမ့် မှတ်ချက်ပေး
26-Jun-2018


ဝါရှင်တန်၊ ဇွန် ၂၅ 

အမေရိကန်ပြည်ထောင်စုထဲသို့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူများကို တရားရေးဆိုင်ရာလုပ်ငန်းစဉ်များ လုပ်မနေတော့ဘဲ ချက်ချင်းပင်လာရာဌာနေသို့ ပြန်ပို့သင့်သည်ဟု သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့တွင်ပြောကြားပြီး ယင်းသို့ တရားမဝင် ဝင်ရောက်သူများသည် တိုင်းပြည်ကို ဖောက်ထွင်းရန်ကြိုးပမ်းနေသည့် ကျူးကျော်သူများနှင့်ပင်တူသည်ဟု သမုတ်လိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

သမ္မတထရမ့်၏ အဆိုပါမှတ်ချက်စကားကို တရားဥပဒေရေးရာ ဆန်းစစ်သူများနှင့် ရွှေ့ပြောင်းအခြေချသူများ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေသူများက အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်လိမ့်မည်ဟု ဝေဖန်တုံ့ပြန်ကြသည်။ 

သမ္မတထရမ့်သည် တနင်္ဂနွေနေ့က ၎င်း၏ Twitter အကောင့်တွင် “အဲလိုလူတွေ (တရားမဝင် ဝင်ရောက်သူတွေ) ကျွန်တော်တို့တိုင်းပြည်ထဲကို ကျူးကျော်ဝင်ရောက်တာမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ တကယ်လို့ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာမယ်ဆိုရင် ကျုပ်တို့အနေနဲ့ သူတို့ကို လာရာနေရာကို ချက်ချင်းပြန်ပို့ရမယ်၊ တရားစီရင်တာတို့၊ အမှုဖွင့်တာတို့ လုပ်နေစရာမလိုဘူး”ဟု ရေးသားဖော်ပြသည်။ 

“ကျုပ်တို့တိုင်းပြည်ထဲကို ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့သူတွေ အားလုံးကို လက်မခံနိုင်ဘူး” 

ယခုလို မှတ်ချက်ပေးပြောဆိုမှုသည် ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာကတည်းက စတင်အသုံးပြုခဲ့သည့် နယ်စပ်ဒေသဆိုင်ရာ မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်အသုံးပြုရန် ဦးတည်ချက်ကြောင့် ဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်းမသိနိုင်ပေ။ အိမ်ဖြူတော်ကလည်း ထရမ့်၏ မှတ်ချက်စကားနှင့်ပတ်သက်၍ ရှင်းလင်းချက်မပေးသေးပေ။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ တရားဥပဒေရေးရာ အကာအကွယ်ပေးရေး အဖွဲ့တစ်ခုဖြစ်သော NAACP ၏ ဥက္ကဋ္ဌဖြစ်သူ ရှယ်ရီလင်းအီဖေးလ်က “အမေရိကန်ပြည်ထောင်စုသမ္မတသည် နိုင်ငံရေးခိုလှုံခွင့်နှင့် ရွှေ့ပြောင်းအခြေချသူများအတွက် လုပ်ငန်းစဉ်များ အဆုံးသတ်ရေးကို ဖိအားပေးလုပ်ဆောင်လာခြင်းဖြစ်သည်”ဟု Twitter စာမျက်နှာတွင် ဖော်ပြသည်။ 

ရွှေ့ပြောင်းအခြေချသူများ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေသည့် အဖွဲ့တစ်ခုဖြစ်သော ACLU ၏ ဒုတိယညွှန်ကြားရေးမှူး လီဂဲလန့်ကမူ “ထရမ့်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ရွှေ့ပြောင်းအခြေချသူတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေအားလုံးကို ခုလိုဖယ်ထုတ်ပစ်လို့မရပါဘူး။ တရားရေးရာ လုပ်ငန်းစဉ်ဆိုတဲ့ ဥပဒေပုဒ်မက အတည်ရှိထားတာပါ။ ဒါဟာ ရွေးချယ်မှုတစ်ခုမဟုတ်ပါဘူး”ဟု Reuters သတင်းဌာနနှင့်တွေ့ဆုံရာတွင် အမေရိကန်အခြေခံဥပဒေကို ကိုးကားပြောဆိုသည်။ 

တည်ဆဲဥပဒေအရ ခိုလှုံခွင့်တောင်းခံသူများကို တရားရေးလုပ်ငန်းစဉ်ဖြင့် မဖြစ်မနေကြားနာ ဆောင်ရွက်ပေးရမည်ဖြစ်သည်။ 

သမ္မတထရမ့်သည် အမေရိကန်-မက္ကဆီကို နယ်စပ်ဒေသရှိ စခန်းများ၌ ရွှေ့ပြောင်းအခြေချသူ မိသားစုများနှင့် ကလေးငယ်များကို သီးခြားစီခွဲထားသည့် မူဝါဒကြောင့် ပြီးခဲ့သည့် သီတင်းပတ်တစ်ခုလုံး လူ့အခွင့်အရေးအုပ်စုများ၏ ဝေဖန်ထိုးနှက်ခြင်းခံခဲ့ရသည်။ ၎င်း၏ ရီပတ်ဘလစ်ကန်ပါတီထဲမှ ဝေဖန်ရေးဆရာများသာမက ၎င်း၏ဇနီးနှင့် သမီးဖြစ်သူတို့ကပါ အဆိုပါ နယ်စပ်ဒေသမူဝါဒကို စွန့်လွှတ်ရန် ထရမ့်အား တိုက်တွန်းပြောဆိုခဲ့ကြသည်။ 

သို့အတွက်ကြောင့် ဖိအားများစွာနှင့် ကြုံတွေ့လာရသော သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့တွင် အမိန့်ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ကာ ယင်းသို့ မိဘနှင့် ကလေးငယ်များကို ခွဲခြားထားရှိသည့် မူဝါဒအား အဆုံးသတ်ပေးလိုက်ရသည်။ သို့သော်လည်း ကလေးငယ် ၂၀၀၀ ကျော်မှာ သူတို့၏ မိဘများနှင့် ပြန်လည်ဆုံတွေ့ခွင့်မရရှိသေးသည့်အတွက် အမေရိကန်အစိုးရမှာ ဝေဖန်ခံနေရဆဲဖြစ်သည်။ 

F-01
 


  • VIA