News

POST TYPE

NEWS

ရေကြောင်းတက္ကသိုလ် - ထောက်ကြန့်ခရီးစဉ်သစ် ယနေ့ပြေးဆွဲ
25-Jun-2018

ရန်ကုန်၊ ဇွန် ၂၅

ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများ၊ ဝန်ထမ်းများ နေ့စဉ် ခရီးသွားလာမှု အဆင်ပြေစေရန် ရည် ရွယ်၍ ရေကြောင်းတက္ကသိုလ်-ထောက်ကြန့်ခရီးစဉ်သစ်ကို YBS 32 ယာဉ်လိုင်းအမည်ဖြင့် ယနေ့ (ဇွန်လ ၂၆ ရက်) ပြေးဆွဲမည်ဖြစ်ကြောင်း လူထုမိတ်ဆွေပြည်သူ့ အကျိုးပြုယာဉ်လိုင်းကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ဦးတရုတ်လေးက ပြောကြားသည်။

အဆိုပါ YBS 32 ယာဉ်လိုင်းသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်၊ နံနက် ၉ နာရီတွင် သန်လျင် ရေကြောင်းတက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်သည်။

“ယာဉ်လိုင်းကို နှစ်ဖက်လွှတ်ပုံစံနဲ့ဆွဲမှာပါ။ ရေကြောင်း တက္ကသိုလ်ဘက်က ၂၅ စီး၊ ထောက်ကြန့်ဘက်က ၂၅ စီးလွှတ်မှာဖြစ်တယ်။ နှစ်ဖက်စလုံး နံနက် ၅ နာရီမှာ ပထမဆုံးကား စတင်ထွက်မယ်။ ည ၈ နာရီက နောက်ဆုံးကား ထွက်မှာဖြစ်တယ်”ဟု ဦးတရုတ်လေးကဆိုသည်။

အဆိုပါ ယာဉ်လိုင်းကို Fotun ယာဉ်အမျိုးအစား ၅၀ စီးဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခနှုန်းထားမှာ ရေကြောင်းတက္ကသိုလ်မှ ပင်းယကို ကျပ် ၂၀၀၊ ပင်းယမှ ထောက်ကြန့်ကို ကျပ် ၂၀၀ သတ်မှတ်ထားကာ ခရီးစဉ် အစ အဆုံးကို ကျပ် ၃၀၀ ဖြင့် ပြေးဆွဲမည်ဖြစ်သည်။

ခရီးစဉ်လမ်းကြောင်းများမှာ ရေကြောင်းတက္ကသိုလ်၊ မြို့မဈေး၊ သာကေတအဝိုင်း၊ ကျောက်တိုင်၊ သုဝဏ္ဏလမ်းဆုံ၊ ဇဝနလမ်းဆုံ၊ နန္ဒဝန်ဈေး၊ ပင်းယ၊ ၄၃၆၊ မြောက်ဥက္ကလာအဝိုင်း၊ (၆)ကွေ့၊ အောင်မင်္ဂလာ အဝေးပြေး၊ ပုလဲမြို့သစ်၊ နွယ်ခွေ၊ ထောက်ကြန့်တို့ဖြစ်သည်။

ယခင်က YBS 32 ယာဉ်လိုင်းအမည်ဖြင့် မီနီဘတ်ယာဉ်များဖြင့် ပြေးဆွဲခဲ့ပြီး လက်ရှိ အဆိုပါ မီနီဘတ်ယာဉ်များမှာ YBS ၃၃ ယာဉ်လိုင်းတွင် ဝင်ရောက်ပြေးဆွဲလျက်ရှိကာ လစ်လပ်သွားသော ယာဉ်လိုင်းနေရာတွင် ယာဉ်ကြီးများဖြင့် ပြေးဆွဲစေရန် YRTA က ချထားပေးခြင်းဖြစ်ကြောင်း လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြု ယာဉ်လိုင်းထံမှ သိရသည်။

YBS 32 ယာဉ်လိုင်းသစ် စတင် ပြေးဆွဲမည့်ရက်တွင် ခရီးသွားမိဘပြည်သူများအတွက် ယာဉ်စီးခ (အခမဲ့) စီးနင်းနိုင်မည်ဖြစ်ပြီး မသန်စွမ်းပုဂ္ဂိုလ်များ၊ သံဃာတော်များနှင့် သီလရှင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မူလတန်း အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအနေနှင့် လူထုမိတ်ဆွေ၏ မည်သည့်ယာဉ်လိုင်းများတွင်မဆို အခမဲ့ စီးနင်းနိုင်သည်။

လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းသည် YBS ၇၈၊ ၉၃၊ ၉၄ ယာဉ် လိုင်းတို့ကို ယာဉ်စီးရေ ၁၅၀ ဖြင့်ပြေးဆွဲခဲ့ပြီး ယခု YBS 32 ကို တိုးချဲ့ပြေးဆွဲခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-06