News

POST TYPE

NEWS

ဘရိတ်ဇစ်ကိစ္စ နောက်ဆုံးတစ်ကြိမ် လူထုဆန္ဒခံယူပွဲကျင်းပပေးရန် အီးယူလိုလားသော ဗြိတိန်ပြည်သူများ ဆန္ဒပြတောင်းဆို
25-Jun-2018 tagged as ဆန္ဒပြ ဗြိတိန်



လန်ဒန်၊ ဇွန် ၂၄ 

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်တွင် ဥရောပသမဂ္ဂ (အီးယူ) ထဲ၌ ဆက်နေသွားရေးကို လိုလားသည့် အင်အားစု ထောင်ပေါင်းများစွာစုဝေးကာ ဗြိတိန်အစိုးရအနေနှင့် ဘရိတ်ဇစ် (Brexit) အတွက် နောက်ဆုံးတစ်ကြိမ် လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပြုလုပ်ပေးရန် ဆန္ဒပြတောင်းဆိုလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

ဗြိတိန်နိုင်ငံတွင် လွန်ခဲ့သည့် ၂ နှစ်၊ ၂၀၁၆ ခုနှစ်က အီးယူမှ ဗြိတိန်နုတ်ထွက်ရေး (ဘရိဆစ်) အတွက် မဲပေးဆုံးဖြတ်ခဲ့ရာ ပြည်သူ ၅၂ ရာခိုင်နှုန်းက နုတ်ထွက်ရန် မဲပေးခဲ့ပြီး ၄၈ ရာခိုင်နှုန်းက အီးယူနှင့်ဆက်လက်ယှဉ်တွဲနေထိုင်ရန် မဲပေးခဲ့ကြသည်။ 

အဆိုပါ လူထုဆန္ဒခံယူပွဲကြောင့် ဘရိတ်ဇစ်နှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံတွင်း နိုင်ငံရေးအကွဲအပြဲများဖြစ်ပေါ်ခဲ့ရာ ယနေ့အချိန်ထိဖြစ်သည်။ 

အီးယူထဲတွင် ဆက်နေလိုသည့် အုပ်စုများပါဝင်သောအဖွဲ့က “ပြည်သူ့မဲ” ဟူသည့် ခေါင်းစဉ်ဖြင့် နောက်ထပ်တစ်ကြိမ် ဘရိတ်ဇစ်ဆိုင်ရာ လူထုဆန္ဒခံယူပွဲကျင်းပပြီး အဆုံးအဖြတ်ပေးရန် တောင်းဆိုကြသည်။ 

ယခုသီတင်းပတ်အစောပိုင်းတွင် ပြုလုပ်သောစစ်တမ်းတစ်ရပ်အရ ဗြိတိန်နိုင်ငံသား ၄၈ ရာခိုင်နှုန်းက နောက်တစ်ကြိမ် လူထုဆန္ဒခံယူပွဲကျင်းပမည့်ကိစ္စကို ထောက်ခံပြီး ၂၅ ရာခိုင်နှုန်းကမူ ဆန့်ကျင်ကြသည်။ 

အီးယူထဲမှ ဗြိတိန်နုတ်ထွက်ရေးကို လိုလားခဲ့ပြီး နုတ်ထွက်မဲပေးရန် စည်းရုံးလှုံ့ဆော်ခဲ့သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကမူ ဘရိတ်ဇစ်ကို ကာကွယ်ရန် The Sun သတင်းစာတွင် ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ်ထရီဇာမေ၏ ကွန်ဆာဗေးတစ်အစိုးရထဲတွင်လည်း အဖွဲ့ဝင်အများစုက ဘရိတ်ဇစ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများစွာ ရှိနေသည်။ 

ဘောရစ်ဂျွန်ဆင်ကမူ “အီးယူ၏ ထိန်းချုပ်မှုများနှင့် စည်းမျဉ်းစည်းကမ်းများထဲက ရုန်းထွက်ကာ လွတ်လပ်မှုရှိသည့် အနေအထားတစ်ခုကိုဖန်တီးရန် ဗြိတိန်က မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်”ဟု ဘောရစ်ဂျွန်ဆင်က သူ၏ဆောင်းပါးတွင် ရေးသားဖော်ပြသည်။ 

သို့အတွက်ကြောင့် ဘရိတ်ဇစ်အတွက် မဲပေးခဲ့သူများအနေနှင့် မည်သည့်အခါမှ စိတ်ပြောင်းမည်မဟုတ်ဟုလည်း ၎င်းက ဆိုသည်။ 

ယခုနောက်ဆုံး လူထုဆန္ဒပြပွဲကျင်းပပြုလုပ်ရန် ဆန္ဒပြတောင်းဆိုသူများထဲတွင် နိုင်ငံရေးပါတီများမှ အီးယူလိုလားသော နိုင်ငံရေးသမားများ (အတိုက်အခံလေဘာ ပါတီအပါအဝင်)၊ လစ်ဘရယ်ဒီမိုကရက်များသာမက ဝန်ကြီးချုပ် ထရီဇာမေ အစိုးရအဖွဲ့ထဲမှ ကွန်ဆာဗေးတစ်များလည်း ပါဝင်သည်။ ယင်းဆန္ဒပြပွဲကို ဆန့်ကျင်သည့် တန်ပြန်ဆန္ဒပြပွဲငယ်တစ်ရပ်လည်း ထိုနေ့က လန်ဒန်တွင်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။  

F-01