News

POST TYPE

NEWS

ပခုက္ကူရှိ လူမှုကူညီရေးအသင်းများတွင် လိုင်စင်မဲ့ကားများဖြင့် ပြေးဆွဲခွင့်ရရန် တောင်းဆိုမည်
မကွေး၊ ဇွန် ၂၄

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ လိုင်စင်မဲ့ယာဉ်များ အသုံးပြုပြေးဆွဲနေသည့် လူမှုကူညီရေးအသင်း ၅၀ ကျော် ပူးပေါင်းပြီး လိုင်စင်မဲ့ကားများဖြင့် ပြန်လည်ကူညီခွင့်ပေးရန် မကွေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြအကူညီတောင်းမည်ဖြစ်ကြောင်း အဆိုပါအသင်းများထံမှ သိရသည်။

ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင် ၁၁ ရက်နေ့အထိ မကွေးတိုင်းအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်အပါအဝင် စက်တပ်ယာဉ်များ မပြေးဆွဲရန် တိုင်းအစိုးရက ပညာပေးခြင်းများ ပြုလုပ်နေပြီး ယင်းကာလပြီးဆုံးပါက လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမည်ဖြစ်သည်ဟု ထုတ်ပြန်ထားခြင်းကြောင့် မကွေးတိုင်းအတွင်းရှိ လူမှုကူညီရေး အသင်း ၆၀ ခန့် ရပ်ထားရသည့်အတွက် အသင်းများရှိ လိုင်စင်မဲ့ကားများကို အသုံးပြုခွင့်ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း အဆိုပါအသင်းများထံမှ သိရသည်။

ထိုသို့ပြန်လည်ပြေးဆွဲခွင့်ရရှိရေးအတွက် ဇွန်လ ၂၃ ရက်နေ့က လိုင်စင်မဲ့ယာဉ်များ အသုံးပြုပြေးဆွဲနေသည့် လူမှုကူညီရေးအသင်း ၅၀ ကျော်ပူးပေါင်းကာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ပခုက္ကူမြို့ရှိ ဂရုဏိက၊ ကရုဏာရှင်လူမှုကူညီရေး အသင်းရုံးမှ နာယက ဆရာတော်ဦးဝိစိတ္တက မိန့်ကြားသည်။

“ကိုယ့်ဘက်ကလည်း လက်ရှိကားတွေကို အာမခံပေးကြရမယ်။ ဒီကားတွေကို သွားလာဖြစ်အောင် လိုင်စင်ထုတ်ပေးပါ။ နောက်ထပ်လျှောက်ဖို့ဆိုတာ မလွယ်ဘူးလေ။ မလွယ်ဘူးဆိုတာကလည်း ဒီကားတွေတောင် အလှူခံပြီးဝယ်ထားကြရတာ။ အဲလိုတော့ အကြံပြုထားတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

အဆိုပါအစည်းအဝေးတွင် အသင်း ၅၀ ကျော်မှ တာဝန်ရှိသူများ လက်မှတ်ရေးထိုးပြီး တိုင်းအစိုးရအဖွဲ့ထံသို့တင်ပြရန် ဆုံးဖြတ်ခဲ့ကြပြီး တိုင်းအစိုးရမှ ၎င်းတို့ တင်ပြချက်ကို ခွင့်မပြုဘဲ ကားများ သိမ်းဆည်းမည်ဆိုပါကလည်း အသိမ်းခံကြမည်ဖြစ်ကြောင်း ယင်းအသင်းများမှ တာဝန်ရှိသူများက ဆိုသည်။ 

“ပစ်မှတ်ကတစ်ခု ထိတာက တစ်ခု၊ လူနာတွေမှာ ထိခိုက်နစ်နာနေကြတယ်”ဟု သီဟိုဠ်ရှင်စေတနာ (အခမဲ့) ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထိုသို့ လိုင်စင်မဲ့ယာဉ်များ အသုံးပြုပြေးဆွဲနေသည့် လူမှုကူညီရေးအသင်းများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပခုက္ကူ မြို့မှ မန္တလေးမြို့သို့ သွားရောက်ဆေးကုသရန် လိုအပ်သည့် ငွေကြေးမတတ်နိုင်သည့် လူနာများမှာ အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ လောလောဆယ် ပညာပေးကာလ သတ်မှတ်ထားတယ်။ နောက်ပိုင်းကျရင် သူ့ရဲ့စည်းကမ်းအတိုင်းပေါ့။ လောလောဆယ် သူတို့အခက်ခဲတွေလည်း ပြောနေတာကြားရတယ်။ ပညာပေးကာလဖြစ်လို့ အစိုးရအဖွဲ့ကို တင်ပြထားတာမရှိသေးဘူး”ဟု ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ပြောကြားသည်။

လွင်အေး