News

POST TYPE

NEWS

မြောက်ကိုရီးယားမှ ပြန်ပို့မည့်အမေရိကန်တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများ စိစစ်ရခြင်းသည် စိန်ခေါ်မှုဖြစ်လာနိုင်
25-Jun-2018



ဝါရှင်တန်၊ ဇွန် ၂၄

ကိုရီးယားစစ်ပွဲအတွင်း ပျောက်ဆုံးခဲ့သော အမေရိကန်တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများကို မြောက်ကိုရီးယားထံမှ ပင်တဂွန်က လာမည့်ရက်များအတွင်း လက်ခံရန် ကြိုတင်ပြင်ဆင်နေပြီဖြစ်ရာ ၎င်းရုပ်ကြွင်းများကို စိစစ်ရာတွင် အမေရိကန်စစ်တပ်အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယခုလအတွင်း စင်ကာပူတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သူ သမ္မတဒေါ်နယ်ထရမ့်က ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲအတွင်း ပျောက်ဆုံးခဲ့သော အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်ပို့ရေးကို ပြုံယမ်းက စီစဉ်နေသည်ဟု ကြာသပတေးနေ့က ပြောကြားသည်။

အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀ ခန့်၏ ရုပ်ကြွင်းများရှိသည်ဟု မြောက်ကိုရီးယား တာဝန်ရှိသူများက ယခင်ကတည်းက ပြောဆိုခဲ့ဘူးပြီး သမ္မတထရမ့်က ထိုကိန်းဂဏန်းကို ကိုးကားပြောကြားသည်။

အမေရိကန်တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများကို ဆိုးလ်မြို့အနီး အူဆန်လေဆိပ်ရှိ ကုလသမဂ္ဂ ကွပ်ကဲမှုဌာနချုပ်တွင် လွှဲပြောင်းလက်ခံကာ ထိုမှတစ်ဆင့် ဟာဝိုင်ရီရှိ ဟစ်ကန်လေဆိပ်သို့ ဆက်လက်လွှဲပြောင်းပေရန် အမေရိကန်တာဝန်ရှိသူများက မျှော်လင့်ထားသည်။

ဟာဝိုင်ရီသို့ ရုပ်ကြွင်းများရောက်သည်နှင့် တစ်ပြိုင်နက် စိစစ်ရေးစိန်ခေါ်မှုများကို မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများ ရင်ဆိုင်ကြရမည်ဖြစ်ပြီး ဓာတ်ပုံဟောင်းများနှင့် စစ်ဆေးခြင်း၊ တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများကို ၎င်းတို့၏ ဆွေမျိုးများနှင့် DNA စစ်ဆေးခြင်း၊ သွားနှင့်မေးရိုးစစ်ဆေးခြင်း စသည့်နည်းလမ်းများကို အသုံးပြုကြမည်ဖြစ်သည်။

ရုပ်ကြွင်းများသည် သီးခြားစီမဖြစ်နိုင်ဘဲ အမေရိကန်မဟုတ်သူများနှင့် ရောထွေးနေနိုင်သောကြောင့် စိစစ်မှုသည် လပိုင်းသာမကပဲ နှစ်ပေါက်သည်အထိပင် ကြာမြင့်နိုင်သည်ဟု အမည်မဖော်လိုသော တာဝန်ရှိသူက မှတ်ချက်ပေးသည်။

ရုပ်ကြွင်းရောနှောနေသောကိစ္စများတွင် လူတစ်ဦးတည်း၏ အရိုးစုဖြစ်စေရန် စိစစ်ရသောကြောင့် အခက်ခဲဆုံးဖြစ်သည်ဟု အာဂျင်တီးနားမှ အစိုးရမဟုတ်သော မှုခင်းဆိုင်ရာ မနုဿဗေဒအဖွဲ့ ခေါင်းဆောင် လူးဝစ်ဖွန်ဒီဘရိုက်ဒါက ပြောကြားသည်။

အရိုးများ၏ကျိုးပဲ့မှုနှင့် မြေကြီးအောက်တွင် ပျက်စီးမှုအတိုင်းအတာတို့သည်လည်း DNA ရရှိနိုင်ရေးအပေါ် သက်ရောက်မှုရှိသည်ဟု ဆိုသည်။ မြောက်ကိုရီးယားမှ ယခင်လွှဲပြောင်းပေးဖူးသော ရုပ်ကြွင်းများတွင် ကိုယ်ပိုင်နံပါတ်ပြားများ ပါလာသော်လည်း စိစစ်ကြည့်ရာတွင် အမေရိကန်တပ်ဖွဲ့ဝင်ဖြစ်ကြောင်း အမြဲတစေ မှန်ကန်မှု ရှိခဲ့ဟု သိရှိရသည်။ 

မြောက်ကိုရီးယားသည် ၁၉၉၀ မှ ၁၉၉၂ အတွင်း တပ်ဖွဲ့ဝင် ၄၆ ဦး၏ ရုပ်ကြွင်းကို ပြန်လည်ပေးပို့ခဲ့သည်။ ၎င်းရုပ်ကြွင်း ၄၆ ခုသည် အမှန်တကယ်တွင် လူ ၇၀ ခန့်၏ အရိုးများဖြစ်ပြီးအမေရိ ကန်များ မဟုတ်ဟု ၁၉၉၄ ရန်း ကော်ပိုရေးရှင်းသုတေသနအစီရင်ခံစာက ဆိုသည်။ 

F-04


  • VIA