News

POST TYPE

NEWS

အီသီယိုးပီးယား ဝန်ကြီးချုပ်၏ ချီတက်ပွဲတွင် ဗုံးခွဲခံရ


အဒစ်အဘာဘာ၊ ဇွန် ၂၄

အီသီယိုးပီးယား ဝန်ကြီးချုပ်သစ် အဘီအာမက်ကို ထောက်ခံချီတက်ပွဲတွင် ဗုံးဖောက်ခွဲခံရပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။

လူအမြောက်အမြား သေဆုံးခဲ့ကြောင်း အစောပိုင်းတွင် ဝန်ကြီးချုပ်သစ်က ပြောကြားခဲ့သော်လည်း နောက်ဆုံးရ အချက်အလက်များအရ သေဆုံးသူမရှိသေးဘဲ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိသူများသာရှိကြောင်း သိရသည်။

အီသီယိုးပီးယားပြည်သူများ ညီညွတ်သည်ကို မရှုမြင်လိုသူများ၏ မအောင်မြင်သောလုပ်ရပ်ဟု ဝန်ကြီးချုပ်အဘီက ပြောကြားသည်။

မြို့တော် အဒစ်အဘာဘာရှိ မက်စ်ကဲလ်ရင်ပြင်တွင် ထောင်နှင့်ချီသောလူ အုပ်အတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည်ဟု ယူဆရပြီး ဝန်ကြီးချုပ်ကိုမူ အလျင်အမြန် ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားနိုင်ခဲ့သည်။

ဒဏ်ရာရသူ ၈၃ ဦးရှိပြီး ၆ ဦးမှာ စိုးရိမ်ရကြောင်း ဝန်ကြီးချုပ်၏ ရုံးအဖွဲ့မှူး ဖစ်ဆမ်အရီဂါက ပြောကြားသည်။

ဖေဖော်ဝါရီလအတွင်း ဝန်ကြီးချုပ် ဟေးလ်မာရီယမ် ဒက်ဆက်ဆလမ် ရုတ်တရက်နုတ်ထွက်သွားပြီးနောက် အဘီမှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အဘီသည် အိုမိုရိုတိုင်းရင်းသားမျိုးနွယ်စုမှဖြစ်ပြီး လူထောင်နှင့်ချီသေဆုံးခဲ့သော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ သုံးနှစ်နီးပါးဖြစ်ပွားခဲ့ရာ၌ အဓိကကျခဲ့သော မျိုးနွယ်စုဖြစ်သည်။

ဝန်ကြီးချုပ်ဖြစ်လာကတည်းက အဘီသည် ပြုပြင်ပြောင်းလဲရေးများစွာ လုပ်ဆောင်ခဲ့ပြီး ပိတ်ပင်ထားသည့် ဝက်ဘ်ဆိုက်များ၊ ရုပ်သံလိုင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ 

နှစ်နှစ်ကြာစစ်ဖြစ်ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် အီရီထရီးယားနိုင်ငံနှင့် ငြိမ်းချမ်းရေးစာချုပ် အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးလည်း လုပ်ဆောင်သွားမည်ဟု အဘီက ပြောကြားထားသည်။

အဘီ၏ အိုမိုရိုမျိုးနွယ်စုသည် နိုင်ငံတွင်း အကြီးဆုံးလူမျိုးစုဖြစ်သော်လည်း နှစ်ပေါင်းများစွာ နိုင်ငံရေး၊ စီးပွားရေးအရ ခွဲခြားဆက်ဆံခံခဲ့ရသဖြင့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အဘီသည် အာဏာရအီသီယိုးပီးယား ပြည်သူ့တော်လှန်ရေးဒီမိုကရက်တစ် တပ်ဦးညွန့်ပေါင်းမှ အိုမိုရို ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ 

အသက် ၄၂ နှစ်သာရှိသေးသော အဘီသည် ခရစ်ယာန်-မွတ်ဆလင် ရောနေသည့် မိသားစုမှ မွေးဖွားသူဖြစ်သည်။ အီသီယိုးပီးယားစစ်တပ်တွင် စစ်မှုထမ်းခဲ့ဖူးပြီး ဆိုက်ဘာလုံခြုံရေးကို ကွပ်ကဲရသော သတင်းအချက်အလက်ကွန်ရက်နှင့် လုံခြုံရေးအေဂျင်စီကို ဦးဆောင်ထူထောင်ခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။  

F-03