News

POST TYPE

NEWS

ပဋိညာဉ်မူကြမ်းရေးဆွဲရာတွင် ပါဝင်ခွင့်မရဟု ဆရာ၊ ကျောင်းသား ၇၀ ရာခိုင်နှုန်းကျော်က စစ်တမ်းကောက်ရာတွင် ဖြေဆို
25-Jun-2018

ရန်ကုန်၊ ဇွန် ၂၄

တက္ကသိုလ် ၆ ကျောင်းတွင် ပဋိညာဉ် မူကြမ်းရေးဆွဲပြီးဖြစ်ရာ ဆရာနှင့်ကျောင်းသားများ ပါဝင်ရေးဆွဲခွင့်မရဟု ဆရာ၊ ကျောင်းသား ၇၀ ရာခိုင်နှုန်းကျော်က ဖြေဆိုကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းကိုယ်စားပြုကော်မတီ (UTA) ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

အဆင့်မြင့်ပညာဦးစီးဌာနအောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၃၄ ကျောင်းရှိသည့်အနက် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မုံရွာတက္ကသိုလ်နှင့် ပုသိမ်တက္ကသိုလ်များက ပဋိညာဉ်မူကြမ်းများ ရေးဆွဲပြီးဖြစ်ကာ ရေးဆွဲနေဆဲတက္ကသိုလ်များလည်းရှိကြောင်း UTA ထံမှသိရသည်။

ပဋိညာဉ်မူကြမ်းရေးပြီးသည့် တက္ကသိုလ်များရှိ ဆရာများ၊ ကျောင်းသားများကို  ပဋိညာဉ်ရေးဆွဲရာတွင် ပါဝင်ခွင့် ရှိ မရှိ UTA က စစ်တမ်းကောက်ယူခဲ့ရာ ပါမောက္ခအဆင့် ဆရာ၊ ဆရာမ ၁၂၃ ဦး၊ ရုံးဝန်ထမ်းတစ်ဦးနှင့် ပထမနှစ်မှ မဟာတန်းထိ ကျောင်းသား၊ ကျောင်းသူ ၁၃၅ ဦး စုစုပေါင်း ၂၅၉ ဦးက ပါဝင်ဖြေဆိုခဲ့ပြီး ယင်းတို့အနက် ၁၉၀ ဦးက ပါဝင်ခွင့်မရကြောင်း ဖြေဆိုထားခြင်း ဖြစ်သည်။

အဆိုပါစစ်တမ်းကို ဇွန်လ ၂၂ ရက် မှ ၂၃ ရက်အထိ ရန်ကုန်မျက်မမြင်ကျောင်း၌ ပြုလုပ်ခဲ့သော “မြန်မာနိုင်ငံ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေးတွင် ဆရာသမဂ္ဂများ၏ အခန်းကဏ္ဍ” ပညာရေးဆွေးနွေးပွဲတွင် UTA အဖွဲ့ဝင် ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနကထိက ဦးတင်အောင်မိုးက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

“တက္ကသိုလ်တစ်ခုရဲ့ အင်မတန်အရေးပါတဲ့ ပဋိညာဉ်ရေးဆွဲတဲ့နေရာမှာ သက်ဆိုင်ရာဆရာ၊ ဆရာမ၊ ကျောင်းသားတွေ ပါဝင်ခွင့်မရဘူးဆိုတာ ဒီသက်သေအထောက်အထားတွေက ထင်ရှားစေပါတယ်”ဟု ဦးတင်အောင်မိုးက ပြောကြားသည်။

တက္ကသိုလ်ပဋိညာဉ်ရေးဆွဲသည်ကို စစ်တမ်းဖြေဆိုသူ ၂၅၉ ဦးအနက် ၄၅ ဦးကသာ ပြည့်ပြည့်ဝဝသိရှိပြီး ၃၄ ဦးက အသင့်အတင့်သိရှိကြောင်းနှင့် ထိုသို့ရေးဆွဲရာတွင် ၉၆ ဦးက ပါဝင်ရေးဆွဲရန်ဆန္ဒရှိကြောင်း၊ ၉၁ ဦးက အသင့်အတင့်ဆန္ဒရှိကြောင်း ယင်းစစ်တမ်းက ဖော်ပြသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေနှင့် ကျောင်းတာဝန်ရှိသူများက ပဋိညာဉ်ရေးဆွဲရာတွင် ပါဝင်ခွင့်ပြုမည်ဟုပြောကြားထားကြောင်းနှင့် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ယခုချိန်ထိ ပဋိညာဉ် ရေးဆွဲရခြင်းမရှိသေးဟုသာ သိရှိထားကြောင်း ယင်းသမဂ္ဂ ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်လွင်ကိုက ပြောဆိုသည်။

မုံရွာတက္ကသိုလ် မြန်မာစာဌာန လက်ထောက်ကထိက ဦးတင်မျိုးအောင်က “အဓိကတော့ ဆရာ၊ ဆရာမတွေက အကောင်အထည်ဖော်ရမယ့်သူတွေဖြစ်တော့ အသေးစိတ်သိရမှာပေါ့။ တကယ်တမ်း ပဋိညာဉ်က ဆရာ၊ ဆရာမ အားလုံးလက်ထဲ တရားဝင်ရောက်တာမျိုး မရှိသေးဘူး”ဟု  ပြောကြားသည်။

တက္ကသိုလ်ပဋိညာဉ်ရေးဆွဲရာတွင် ဆရာသမဂ္ဂကိုယ်စားလှယ်အချို့ ပါဝင်ရေးဆွဲခွင့်ရရှိခဲ့သော်လည်း ရေးဆွဲထားသော တက္ကသိုလ်ပဋိညာဉ်မူကြမ်းနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခြင်းနှင့် ဝေဖန်အကြံပြုခြင်းများ ထပ်မံပြုလုပ်သင့်စေလိုကြောင်း ဦးတင်မျိုးအောင်က ပြောဆိုသည်။

J-19


  • VIA