News

POST TYPE

NEWS

ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ နာမည်ကျော်ဂူအတွင်း ကျောင်းသား ၁၁ ဦးနှင့် နည်းပြဖြစ်သူ ပျောက်ဆုံး
25-Jun-2018



ချင်းရိုင်၊ ဇွန် ၂၄

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်ခရိုငရှိ တမ်လောင်နန်နွမ်အမည်ရ လိုဏ်ဂူတစ်ခုထဲတွင် ဘောလုံးကစားသမား ၁၁ ဦးနှင့် နည်းပြတစ်ဦးတို့ ပိတ်မိနေသည်ဟု ယုံကြည်ရသောကြောင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့က ၎င်းတို့ကိုတွေ့ရှိရန် ရှာဖွေလျက်ရှိကြောင်း Bangkok Post သတင်းဌာနက ရေးသားဖော်ပြသည်။ 

စနေနေ့ နံနက် ၇ နာရီခန့်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့် စက်ဘီး ၁၁ စီးတို့ကို လိုဏ်ဂူရှေ့ဘက်တွင် တွေ့ရှိခြင်းဖြစ်ပြီး စက်ဘီးများတွင် ကျောပိုးအိတ်များ၊ ဘောလုံးကန်ဖိနပ်များနှင့် အခြားအားကစားပစ္စည်းများလည်း တွေ့ရသည်ဟု သွန်လန်ခွန်နမ်နန်နွမ်အမျိုးသားဥယျာဉ်မှ တာဝန်ရှိသူများက ဆိုသည်။ 

ပွန်ဖာမြို့ရှိ မြို့နယ် ဘောလုံးအသင်းခေါင်းဆောင်ကို ယင်းတာဝန်ရှိသူများက ဆက်သွယ်မေးမြန်းကြည့်ရာ အဆိုပါ မော်တော်ဆိုင်ကယ်နှင့် စက်ဘီး ၁၁ စီးတို့သည် ဘောလုံးကစားသမား ၁၁ ဦးနှင့် နည်းပြဖြစ်သူတို့နှင့်သက်ဆိုင်ကြောင်း ဖြေကြားသည်။ 

အဆိုပါ ဘောလုံးသမားများသည် ဘန်ပွန်ဖာမြို့ရှိ ဘောလုံးကွင်းတစ်ကွင်းတွင် အပတ်စဉ် စနေ သို့မဟုတ် တနင်္ဂနွေနေ့တိုင်း ဘောလုံးကစားလေ့ရှိပြီး မျက်မြင်သက်သေများ၏ အဆိုအရ စနေနေ့တွင် ဘောလုံးလေ့ကျင့်ကစားပြီးနောက် နည်းပြနှင့် ကစားသမားများ လိုဏ်ဂူထဲသို့ဝင်သွားသည်ဟု ဆိုသည်။

ယင်းဂူအတွင်းသို့ ကလေးငယ်များ ဝင်ရောက်ချိန်တွင် ရေများဝင်ရောက်မှု မရှိသေးသော်လည်း လက်ရှိတွင် ရေများဝင်ရောက်နေ၍ ရှာဖွေရန်ခက်ခဲနေကြောင်း၊ ကလေးငယ်များ၏ အသုံးအဆောင် ပစ္စည်းများနှင့် ဖိနပ်များကို တွေ့ရှိသော်လည်း ကလေးငယ်များကိုမူ မတွေ့ရှိသေးကြောင်း တာချီလိတ်မြို့ ဆိုင်နမ့်ခေါင် ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခမ်းဆိုင်က ပြောကြားသည်။ 

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကျောင်းပေါင်းစုံ ဘောလုံးသမားများဖြစ်သည့် အဆိုပါ ပျောက်ဆုံးကျောင်းသားများသည် အသက် ၁၁ နှစ်အရွယ်မှ အသက် ၂၅ နှစ်ခန့်အရွယ်ရှိသည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင်မူ ချင်းရိုင်မှ အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများလည်း ယူဆောင်လာကြောင်း၊ ယခုအခါ ယင်းလိုဏ်ဂူထဲသို့ ဝင်ရောက်ကာ ရှာဖွေမှုများပြုလုပ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ 

အဆိုပါ လိုဏ်ဂူသည် မဲဆိုင်ခရိုင် ပေါင်ဖရှိ သွန်လန်ခွန်နမ်နန်နွမ်အမျိုးသား ဥယျာဉ်ထဲတွင်တည်ရှိပြီး မဲဆိုင်-ချင်းမိုင် အဝေးပြေးလမ်းမကြီးနှင့် ၁ ကီလိုမီတာ အကွာတွင်ဖြစ်သည်။ 

ထို့ပြင် ယင်းလိုဏ်ဂူသည် ကျောက်စက်ပန်းဆွဲနှင့် ကျောက်စက်မိုးမျှော်စသည်တို့ရှိခြင်းကြောင့် နာမည်ကျော်ကြားသလို ခရီးသွားများလည်း လာရောက်လေ့လာ လေ့ရှိသောလိုဏ်ဂူဖြစ်သည်။ 

F-01၊ R-16

  • VIA