News

POST TYPE

NEWS

မန္တလေး၊ မကွေးနှင့် စစ်ကိုင်းရှိ လူမှုရေးအသင်းပိုင်ကားအချို့ ပြေးဆွဲမှုရပ်
24-Jun-2018


မန္တလေး၊ ဇွန် ၂၄

လူမှုရေးအသင်းအဖွဲ့များအနေနှင့် လိုင်စင်မဲ့ကားများ မောင်းနှင်ပါက ဥပဒေအတိုင်း အရေးယူမည်ဟု ညွှန်ကြားချက်ထွက်ပြီးနောက် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ လူမှုရေးအသင်းပိုင် ယာဉ်အချို့ ပြေးဆွဲမှုရပ်ဆိုင်းလိုက်ရကြောင်း ပရဟိတ လူမှုရေးအသင်းအဖွဲ့အချို့ထံမှ သိရသည်။

မကွေးတိုင်းအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ မော်တော်ယာဉ်များအား ပြေးဆွဲခြင်းမရှိစေရန် ပညာပေးကာလတစ်လ သတ်မှတ်ထားကြောင်း၊ သတ်မှတ်ရက်နောက်ပိုင်းတွင် မောင်းနှင်ပါက ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ပေးပို့သည့် အကြောင်းကြားစာအရ သိရသည်။

“အစိုးရကနေပြီးတော့ စာထွက်လိုက်တယ်။ ဇူလိုင်လ ၁၁ ရက်နေ့ နောက်ပိုင်းမှာတွေ့ရင် အရေးယူမယ်။ ဘယ်လို အရေးယူမယ်လို့တော့ မပါဘူး။ ဒီလို တရားမဝင် ကားတွေကို သိမ်းမယ်ဆိုရင် ကျွန်တော်တို့အသင်းတွေ ထိခိုက်တာထက် ကျေးလက်ဒေသက ဆင်းရဲနွမ်းပါးတဲ့သူတွေ ထိခိုက်မှာ”ဟု မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့ရှိ သင်္ဂဟ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကြည်မောင်က ပြောကြားသည်။

မန္တလေးမြို့ရှိ မီဒီယာစင်တာတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့အချို့မှ တာဝန်ရှိသူများက ဇွန်လ ၂၄ ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအနေအထားတွင် မိတ်ဖက်အသင်း ၁၅ သင်းခန့် ရပ်ဆိုင်းထားပြီဟုသိရကြောင်း၊ ကားတွင်သာမက ကားမောင်းသည့်လူပါ ပြဿနာ တက်လာနိုင်ကြောင်း မန္တလေးမြို့မှ သာသနပါလ အသင်းအတွင်းရေးမှူး ဦးသိဒ္ဓိက ပြောဆိုသည်။

“ကျွန်တော်တို့က ဒါကိုဝိုင်းပြီးတော့ အဖြေရှာရမယ်။ တကယ်တမ်းလုပ်ခဲ့ပြီဆိုရင် ကျွန်တော်တို့က ဘယ်လိုဆောင်ရွက်ကြမလဲ။ ပရဟိတအသင်း အတော်များများက လိုင်စင်မဲ့ကားတွေ များတယ်။ ကျွန်တော်တို့ ဘယ်လိုဆက်လုပ်မလဲ။ လိုင်စင်ထုတ်ပေးမှာလား။ ဘယ်လိုတာဝန်ခံပေးမှာလဲ။ ကျွန်တော်တို့ ကူညီနေတာက အခမဲ့ ကူညီပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူမှုရေးအသင်းတွေ ခက်ခဲတာထက် လူနာရှင်တွေ ဒုက္ခရောက်မှာကို ပိုပြီးစိုးရိမ်ပါတယ်”ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ အောင်ဇေယျာ လူမှုကူညီရေးအသင်းမှ အဝေးလူနာပို့ဆောင်ခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင်အနေနှင့် ရပ်၊ မရပ် မဆုံးဖြတ်ရသေးကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင် ကော်မတီဝင် ဦးဇာနည်ထွန်းက ပြောကြားသည်။

မန္တလေးမြို့ရှိ မီဒီယာစင်တာတွင် ဇွန်လ ၂၄ ရက်နေ့က စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းအတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့အချို့က လိုင်စင်မဲ့ကားများကို ဥပဒေအတိုင်း အရေးယူမည်ဟူသော ညွှန်ကြားချက်နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

M-05