News

POST TYPE

NEWS

လှိုင်သာယာတွင် ရဲတပ်ဖွဲ့၏ လုံးထွေးဖမ်းဆီးခံရသူ သေဆုံး
ရန်ကုန်၊ ဇွန် ၂၃

လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ ဈေးကလေး မှတ်တိုင်အနီးတွင် ဇွန်လ ၂၁ ရက် နံနက် ၅ နာရီခွဲခန့်က မူးယစ်ရမ်းကားနေသူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က လုံးထွေးဖမ်းဆီးခဲ့ရာ ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာများရရှိပြီး ဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရသည်။

ယင်းမြို့နယ် ရွှေလင်ပန်းကျေးရွာတွင်နေထိုင်သူ ခိုင်မင်းဝေ (ခ) ခိုင်ကြီးသည် ယင်းနေ့က အရက်သေစာ သောက်စားမူးယစ်နေပြီး အရိုးအသွား ၁ ပေခန့်ရှိ ဓားဦးချွန်တစ်ချောင်းကို ကိုင်ဆောင်ရမ်းကားနေသဖြင့် ရဲတပ်ဖွဲ့အပါအဝင် အုပ်ချုပ်ရေးတာဝန်ရှိသူများက အသာတကြည် အဖမ်းခံရန်ပြောဆိုရာ ဖမ်းဆီးခံခြင်းမရှိဘဲ ပြန်လှန်ခုခံနေသဖြင့် ဝိုင်းဝန်းလုံးထွေး ဖမ်းဆီးခဲ့ရာက ကွန်ကရစ်လမ်းပေါ်သို့ လဲကျသွားကာ ဦးခေါင်း၊ ညာမျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ ညာနားပွန်းပဲ့ဒဏ်ရာများရရှိကာ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အင်းစိန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် လမ်း၌ သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“အသာတကြည်အဖမ်းမခံတာနဲ့ ဝိုင်းပြီးလုံးဖမ်းခဲ့တာ၊ သေဆုံးရတဲ့ အကြောင်းအရင်းက ဒဏ်ရာတွေကြောင့် သေတာမဟုတ်ပါဘူး၊ ဒဏ်ရာကြောင့် သေတာလား၊ ဘာကြောင့်သေတာလဲဆိုတာ သိရအောင် ရင်ခွဲစစ်ဆေးလိုက်တော့ သူ့မှာ အဆုတ်တီဘီ၊ အဆုတ်ရောင်ရောဂါနဲ့၊ ဆီးလမ်းကြောင်းတွေမှာ ပိုးဝင်နေတဲ့ ရောဂါတွေကြောင့် သေဆုံးသွားတယ်ဆိုတာ အဖြေထွက်လာတယ်၊ ထပ်မံအတည်ပြီးတော့လည်း အသား ၆ မျိုးနဲ့ သွေးတွေကို ဓာတုဗေဒဝန်ရုံးကို ပို့ပြီး စစ်ဆေးနေတယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လုံးထွေးဖမ်းဆီးရာက သေဆုံးသွားသည်ဟုဆိုသော အမျိုးသား၏ လွယ်အိတ်အတွင်းမှ ၈ လက်မခန့်ရှိ ဦးချွန်စတီးပိုက် အသေးတစ်ချောင်း၊ အရိုးအသွား ၁၀ လက်မခန့်ရှိ ဝက်အူလှည့် တစ်ချောင်း၊ အရိုးအသွား ၈ လက်မခန့်ရှိ ခေါက်ဓား အသေးတစ်ချောင်းတို့ ထပ်မံသိမ်းဆည်းရရှိပြီး ယင်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅၀/၁၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။ 

J-16