POST TYPE

NEWS

ကျပ်ငါးထောင်နှင့် တစ်သောင်းတန် ငွေစက္ကူအတု ထုတ်လုပ်သုံးစွဲသည့် လူငယ် ၄ ဦးကို ပုသိမ်၌ ဖမ်းမိ
24-Jun-2018

ပုသိမ်၊ ဇွန် ၂၃

ဧရာဝတီတိုင်း ပုသိမ်မြို့၌ ကျပ်ငါးထောင်နှင့် တစ်သောင်းတန်ငွေစက္ကူအတုများ ထုတ်လုပ်သုံးစွဲ ဖြန့်ဝေသည့် လူငယ် ၄ ဦးကို ဇွန်လ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်နယ်မြေ ရဲစခန်းထံမှသိရသည်။

ပုသိမ် ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသားကတ် ကိုင်ဆောင်ထားသူ နန့်ဆန်းဆန်းဖောင် (၁၉ နှစ်) နှင့် ခင်ပွန်းဖြစ်သူ ကိုသန့်ဇော် (၃၁ နှစ်) တို့က ငွေစက္ကူတုများပြုလုပ်ပြီး ဦးညီညီအောင် (၂၅ နှစ်) နှင့် ဦးအောင်နိုင်ဝင်း (၂၉ နှစ်) တို့က ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ဇေယျာဝတီ ၄ လမ်းထိပ် BT စားသောက်ဆိုင်တွင် အသုံးပြုနေကြောင်း သတင်းရရှိရာမှ စတင်ဖမ်းမိခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်စိုးက ပြောကြားသည်။

ဖမ်းဆီးရမိသော လူငယ်လေးဦးနှင့်အတူ တန်ဖိုး ကျပ်ခုနစ်သိန်းကျော်ရှိ ငါးထောင်တန် ငွေစက္ကူတု ၁၁၅ ရွက်နှင့် တစ်သောင်းတန် ငွေစက္ကူအတု ၁၃ ရွက်တို့အပြင် ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ASUS အမျိုးအစား အနက်ရောင်လက်တော့ပ် ၁ လုံး၊ အားသွင်းကြိုး၊ EPSON အမျိုးအစား အနက်ရောင် Colour PRINTER ၁ လုံး၊ EPSON အမျိုးအစား အနက်ရောင် စကင်ဖတ်စက် ၁ လုံး၊ Lenovo အမျိုးအစား မောက်တစ်ခုနှင့် ကွန်ပျူတာဆက်စပ် ပစ္စည်းများ၊ EPSON တံဆိပ်ပါ A4 စက္ကူထုပ်တစ်ထုပ်၊ တစ်သောင်းတန် ငွေစက္ကူပုံ ပရင့်ထုတ်ထားသည့် A4 စာရွက် ၅၂ ရွက်၊ ငါးထောင်တန် ငွေစက္ကူပုံ ပရင့်ထုတ်ထားသည့် A4 စာရွက် ၂၄ ရွက်နှင့် စာရွက်အပိုင်းအစများကို သိမ်းဆည်းရမိခဲ့ကြောင်း ပုသိမ်နယ်မြေ ရဲစခန်းထံမှသိရသည်။

ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ဘိုကြီးကုန်းနေထိုင်သူ ဦးညီညီအောင်၊ အမှတ် ၇ ရပ်ကွက် အောင်သိဒ္ဓိ ၃ လမ်းနေ ဦးအောင်နိုင်ဝင်း၊ အမှတ် ၁ ရပ်ကွက် စဥ့်အိုးဘိုရပ် ကမ်းနားလမ်းနေ နန့်ဆန်းဆန်းဖောင်နှင့် ခင်ပွန်းဖြစ်သူ ကိုသန့်ဇော်တို့ကို ပုသိမ်နယ်မြေရဲစခန်းက ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။

R-12

  • VIA