News

POST TYPE

NEWS

ဖားကန့်တွင် ရေကြီးမြေပြိုမှုကြောင့် ရှစ်ဦး သေဆုံး
မြစ်ကြီးနား၊ ဇွန် ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး နေရာအများစု၌ မြေပြိုခြင်းဖြစ်ပွားခဲ့ရာ သေဆုံးသူရှစ်ဦးရှိပြီး သုံးဦးမှာ ဒဏ်​ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်းရေးမှူး ဦးကောင်းစံက ပြောကြားသည်။

“မြေပြိုလို့ လူရှစ်ဦးသေတယ်။ သုံးလေးယောက်ဒဏ်ရာရပေမယ့် ဆေးရုံမလာဘူး။ အပြင်ဆေးခန်းမှာပဲကုတယ်။ ရေကြီးတာကတော့ ပုံမှန်ပါပဲ။ ထူးခြားတာမရှိဘူး။ မြေပြိုတာတော့ ထူးခြားတယ်။ တော်တော်များများမှာပြိုတယ်”ဟု ၎င်းက ဆိုသည်။

ဇွန်လ ၂၂ ရက်နေ့ နံနက်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စုရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် တစ်ခုတွင် ရေမဆေးကျောက်ရှာဖွေသူ အချို့ရေစီးဖြင့်မျောပါသွားခဲ့ရာ သေဆုံးသူအချို့ရှိနိုင်သည်ဟု နီးစပ်သူများ၏အဆိုအရသိရကြောင်း ဆိပ်မူကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။

ယင်းသို့ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့်အပြင် မြေပြိုမှုကြောင့် နေအိမ် ၇ လုံးခန့်ပျက်စီးကာ လမ်းတံတားများလည်း ပျက်စီးခဲ့သည့်အပြင် သစ်ပင်များနှင့် လျှပ်စစ်ဓာတ်တိုင်များ ကျိုးပဲ့ပြိုလဲမှုများရှိကြောင်း အဆိုပါဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဇွန်လ ၂၂ ရက်နေ့တိုင်းထွာချက်များအရ ကချင်ပြည်နယ်တွင် နေရာကွက်ကာ မိုးကြီးခဲ့ပြီး မြစ်ကြီးနားမြို့တွင် မိုးရေချိန် ၃ ဒသမ ၁၅ လက်မနှင့် မိုးကောင်းမြို့တွင် မိုးရေချိန် ၁ ဒသမ ၉၇ လက်မရရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး ဖားကန့်မြို့တွင်း နေရာအချို့၌ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ရာတွင် နေအိမ်ပျက်စီးမှုအခြေအနေနှင့် လူသေဆုံးမှုအခြေအနေများကို စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများထံမှ သိရသည်။

ထို့ပြင် မိုးနှင့်ရေစီးအားကြောင့် ဖားကန့်-မှော်စီစာကျေးရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းမှ တံတားတစ်စင်းကျိုးကျခဲ့၍ သွားလာရေး အခက်တွေ့နေပြီး အခြားလမ်းကို အသုံးပြုသွားလာနေရကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်​။

ယင်းသို့ဖားကန့်မြို့တွင်း ရေကြီးမှုကြောင့် ဒေသခံအချို့သည် နီးစပ်ရာ ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေပြီး ယင်းရေကြီးသည့်နေရာနှင့် မြေပြိုသည့်နေရာများကို ရဲတပ်ဖွဲ့အပါအဝင် အစိုးရ အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှသိရသည်။ 

R-06