News

POST TYPE

NEWS

ကျပ်သိန်း သုံးသောင်းကျော်တန်ဖိုးရှိ မူးယစ်တားဆီးရေး အထောက်အကူပြုပစ္စည်းများ တရုတ်ထောက်ပံ့မည်
ရန်ကုန်၊ ဇွန် ၂၃

နယ်စပ်နှင့် ပြည်တွင်းဒေသရှိ မူးယစ်ဆေးဝါး ရှာဖွေတားဆီးရေး လုပ်ငန်းအတွက် ကျပ်သိန်း သုံးသောင်းကျော်ရှိ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ရန် တရုတ်နိုင်ငံနှင့် သဘောတူ လက်မှတ်ရေးထိုးထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိုးလင်းက ပြောကြားသည်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေမှာသုံးဖို့ လိုအပ်တဲ့ပစ္စည်းမျိုးတွေ ကူညီပေးတာပါ”ဟု ၎င်းကဆိုသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအဆင့် လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးကို ပူးပေါင်းလုပ်ဆောင်ရန် မဲခေါင်ဒေသတွင်း ပျံ့နှံ့နေသော မူးယစ်ဆေးဝါးဖြစ်စဉ်များ တားဆီးနှိမ်နှင်းရေးကို တင်းကြပ်လုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ယခုနှစ် မေလ၌ လက်မှတ်ရေးထိုး၍ လှူဒါန်းခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့အပြင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ကျပ်သိန်း တစ်သောင်းကျော်တန်ဖိုးရှိ ရဲတပ်ဖွဲ့ အသုံးအဆောင် ပစ္စည်းများနှင့် မှုခင်းစုံစမ်းစစ်ဆေးရေး အထောက်အကူပစ္စည်းများ အပါအဝင် ယူနန်ပြည်နယ်အစိုးရက ကျပ်သိန်း လေးသောင်းကျော်တန်ဖိုးရှိ ရဲလုပ်ငန်းသုံး မော်တော်ယာဉ်များလည်း ပါဝင်ထောက်ပံ့ပေးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

“မူးယစ်ကုန်ကူးသူတွေက အဆက်အသွယ်မျိုးစုံနဲ့ လှုပ်ရှားကြတာ။ သတင်းထောက်လှမ်းမှု အားကောင်းဖို့ အများကြီး လိုအပ်တယ်။ ခေတ်စနစ်အရ အရည်အသွေးမြှင့် အထောက်အကူ ပစ္စည်းတွေကလည်း အရေးပါတယ်”ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်ကျော်မင်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အများဆုံး မူးယစ်ဆေးဝါး ထုတ်လုပ်သောနိုင်ငံအဖြစ် မှတ်တမ်းဝင်လျက် ရှိသော်လည်း နိုင်ငံအနှံ့တွင် မူးယစ်တပ်ဖွဲ့စု ၅၀ ကျော်တွင် ရဲတပ်ဖွဲ့ဝင်အင်အား တစ်ထောင်ကျော်ဖြင့် မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးကို ဆောင်ရွက်နေရခြင်းကြောင့် စုံစမ်းထောက်လှမ်းရေးနှင့် ဆက်စပ်သော နည်းပညာသုံး ပစ္စည်းများ လိုအပ်နေကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-17