News

POST TYPE

NEWS

စားသုံးရန်မသင့်သည့် မုန့်မျိုးစုံနှင့် ဆေးဝါးများကိုဖမ်းဆီး
23-Jun-2018



ကျိုင်းတုံ၊ ဇွန် ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ မြို့မဈေးကြီးအတွင်းတွင် ဇွန်​လ ၂၂ ရက်က ကျပ်သိန်း ၄၀ ခန့်တန်ဖိုးရှိ စားသုံးရန်မသင့်သည့် မုန့်မျိုးစုံနှင့် သက်တမ်းလွန် ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံမှ သိရှိရသည်။

ယင်းအဖွဲ့အတွင်းရေးမှူး ဦးသန်းစိုးက “ရှောင်တခင် စစ်ဆေးချိန်မှာ ဈေးဆိုင်လေးဆိုင်ကနေ ကျပ် ၁၀ သိန်းကျော် တန်ဖိုးရှိတဲ့ ထိုင်းနဲ့တရုတ်နိုင်ငံထုတ် တရားမဝင်နဲ့သက်တမ်းလွန် မုန့်မျိုးစုံ ဖမ်းဆီးရမိပြီး ကျပ် ၂၈ သိန်းကျော် တန်​ဖိုးရှိတဲ့ သက်တမ်းလွန်ဆေးဝါးတွေကိုတော့ ဆေးဆိုင်တွေက လာပေးအပ်တာပါ”ဟု ပြောကြားသည်။

စားသုံးရန်မသင့်သည့် မုန့်မျိုးစုံအပါအဝင် ထောက်ခံချက်မရှိသည့် ဒေသထုတ်မုန့်မျိုးစုံကို စာသင်ကျောင်းအချို့ တွင် ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း လက်ကားဆိုင်ကြီးများကို ရုတ်တရက် စစ်ဆေးစဉ် ယင်းကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်၍ ပင်ရင်းရောင်းချသူများကို ဖော်ထုတ်ပေးရန် ပြောကြားသော်လည်း ဖော်ထုတ်ခြင်းမရှိကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိဖမ်းဆီးရမိသည့် လက်ကားဆိုင်ကြီး လေးဆိုင်သည် ငါးကြိမ်မြောက် ခံဝန်ကတိရေးထိုးပြီးဖြစ်၍ ထပ်မံဖမ်းဆီးရမိပါက တရားမကြောင်းအရ တရားစွဲဆိုမည်ဖြစ်ကြောင်း စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံမှ သိရှိရသည်။

ကျိုင်းတုံမြို့တွင် ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။

R-16

  • VIA