News

POST TYPE

NEWS

ဖျက်သိမ်းမည်ဟု ကင်ဂျုံအန်းကတိပေးထားသော မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်စခန်းနေရာကို အမေရိကန်အတည်ပြု
ဝါရှင်တန်၊ ဇွန် ၂၁ 

ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကို ကတိပေးထားသော ဒုံးကျည်စမ်းသပ်စခန်းနေရာမှာ မြောက်ကိုရီးယားအနောက်ပိုင်းရှိ တာဝေးပစ်ဒုံးကျည်များအတွက် အင်ဂျင်များ စမ်းသပ်ရာတွင်သုံးသည့် အကြီးစားစခန်းတစ်ခုဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနသို့ အတည်ပြု ပြောကြားခဲ့သည်။

ဇွန် ၁၂ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ထရမ့်က သတင်းထောက်များကိုပြောကြားရာ၌ ကင်သည် သူ၏ ဒုံးကျည် တပ်ဆင်စမ်းသပ်စခန်းတစ်ခုကို ဖျက်သိမ်းပေးမည်ဟု ကတိပြုထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ယင်းမှာ သမိုင်းဝင်ဆွေးနွေးပွဲ၌ မြောက်ကိုရီးယားဘက်မှ အခိုင်မာဆုံးပေးအပ်သည့် ကတိကဝတ်တစ်ခုဖြစ်ခဲ့သည်။

သို့သော်လည်း ထိုစဉ်ကမည်သည့် စခန်းဆိုခြင်းကို ထရမ့်က အသေးစိတ် မပြောခဲ့ပေ။

ဆိုဟယ်ဂြိုဟ်တုလွှတ်တင်စခန်း အမည်ရနေရာဖြစ်ပြီး တာဝေးပစ်ပဲ့ထိန်း ဒုံးကျည်များအတွက် လောင်စာရည်တွန်း အင်ဂျင်များစမ်းသပ်ရန် သုံးသည့်နေရာဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူ တစ်ဦးက Reuters သို့ အတည်ပြုပြောကြားခဲ့သည်။

မြောက်ကိုရီးယားက သူ့ဒုံးကျည်များသည် အမေရိကန်သို့ရောက်အောင် ပစ်ခတ်နိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့ဖူးသည်။

“ဥက္ကဋ္ဌကြီးကင်က မြောက်ကိုရီးယားဟာ ဒုံးကျည်အင်ဂျင်စမ်းသပ်စင်နေရာကို မကြာမီဖျက်ဆီးပစ်မယ်လို့ ကတိပေးခဲ့ပါတယ်”ဟု အမည်မဖော်လိုသော အမေရိကန်တာဝန်ရှိသူက Reuters သို့ ပြောကြားသည်။

ဖျက်ဆီးမည့်အချိန်နှင့် ပတ်သက်၍ မသိရသေးသလို ကင်ကိုယ်တိုင်ကယင်းသို့ ကတိပေးခဲ့ကြောင်း တရားဝင် ထုတ်ပြန်ပြောကြားခြင်းမရှိသေးပေ။

ယင်းနေရာကို CBS သတင်းဌာနက ပထမဆုံး ဖော်ထုတ်ရေးသားခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယား၏ အများသိရှိပြီး အကြီးစားဒုံးကျည် စမ်းသပ်စခန်းများအနက်မှ တစ်ခုဖြစ်သည်။

F-03