News

POST TYPE

NEWS

မန္တလေးတိုင်းအစိုးရကြီးကြပ်မှုဖြင့် မလှိုင်မြို့ရှိ မူလတန်းကျောင်း ပြန်ဆောက်မည်
22-Jun-2018

မိတ္ထီလာ၊ ဇွန် ၂၁

မန္တလေးတိုင်းအစိုးရအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် အရည်အသွေးပြည့်မီခြင်းမရှိသော မလှိုင်မြို့ရှိ အမှတ် (၄) မူလတန်းကျောင်း အဆောက်အအုံကို ပြန်လည်ဆောက်လုပ်မည်ဖြစ်ကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာငြိမ်းက ပြောကြားသည်။ 

“အဓိကတော့ အစိုးရက ကုမ္ပဏီကို စာပို့တယ်။ ကျွန်မတို့ဆီကိုလည်း မိတ္တူပို့တယ်။ ကုမ္ပဏီက အစိုးရကို ဘယ်လိုအကြောင်းပြန်လဲဆိုတာ ကျွန်မတို့က စောင့်ကြည့်ရမှာ။ ဥပမာ ကုမ္ပဏီက ပြန်ပေးဖို့သတ်မှတ်ထားတဲ့ငွေကို သေချာပေါက်လာပေးပြီဆိုရင် အစိုးရဘက်ကလည်း လိုတဲ့ပိုက်ဆံကို စီစဉ်ပေးမယ်လို့ထင်တယ်”ဟု ၎င်းက ရှင်းပြသည်။ 

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် မလှိုင်မြို့ အမှတ် (၄) ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပေ ၁၀၀ ထ ပေ ၃၀ ရှိ အုတ်ညှပ် တစ်ထပ်ကျောင်းဆောင်သစ်ကို ခင်ဆုသျှင်ကုမ္ပဏီက တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် နံရံအက်ကွဲမှုများဖြစ်ပေါ်လာ၍ ကုမ္ပဏီအနေနှင့် ပြန်လည်တည်ဆောက်ပေးရန် ညွှန်ကြားခဲ့သော်လည်း ကုမ္ပဏီက မတတ်နိုင်သောကြောင့် ကျပ်သိန်းငါးဆယ်သာ ထည့်ဝင်ရန် ရည်ညွှန်းစာဖြင့် ပြန်လည်တင်ပြထားကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ကုမ္ပဏီက ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိ၍ အခြားကုမ္ပဏီကို လုပ်ငန်းအပ်နှံရမည်ဖြစ်ခြင်း၊ ဖျက်သိမ်းစရိတ် ကုန်ကျခြင်းတို့အတွက် လုပ်ငန်းတန်ဖိုး၏ သုံးပုံတစ်ပုံသာ ပြန်လည်အသုံးပြုနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက်နစ်နာမှုများရှိကြောင်း၊ အဆိုပါကျောင်းဆောင်ကို မန္တလေးတိုင်းအစိုးရအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် ပြုပြင်တည်ဆောက်သွားမည်ဖြစ်၍ ကုမ္ပဏီက လုပ်ငန်းတန်ဖိုး ကျပ် ၃၆ သန်း၏ သုံးပုံနှစ်ပုံဖြစ်သော ကျပ် ၂၄ သန်းကိုပေးသွင်းရန်နှင့် ယခုညှိနှိုင်းခြင်းသည် နောက်ဆုံးအဆင့် ဖြစ်သောကြောင့် ပေးသွင်းခြင်းမရှိပါက တရား စွဲဆိုခြင်းနှင့် ကုမ္ပဏီကို အမည်ပျက်စာရင်း ကြေညာမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၏ အကြောင်းကြားစာအရ သိရသည်။

R-01

  • VIA