News

POST TYPE

NEWS

ကိုဆွေဝင်းအမှု တရားလိုကို စစ်ဆေးပြီးစီး
22-Jun-2018



မန္တလေး၊ ဇွန် ၂၁

မြန်မာနောင်းသတင်းဌာန၏ အယ်ဒီတာချုပ်ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် စွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေကို ဇွန်လ ၂၁ ရက်နေ့တွင် စစ်ဆေးပြီးစီးသွားပြီဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် တရားရုံး၏ တရားခွင်အရသိရသည်။

ဇွန်လ ၂၁ ရက်နေ့က ရုံးထုတ်စစ် ဆေးသော ၃၁ ကြိမ်မြောက်ရုံးချိန်းသည် တရားမမှုတစ်ခုအတွက် စစ်ဆေးရသည့် တရားလိုကို စစ်ဆေးမှုအဆင့်များအားလုံး စစ်ဆေးပြီးစီးသွားခြင်းဖြစ်သည်။

“တရားလိုကိုစစ်မေးရတဲ့ စစ်ဆေးမှုအဆင့် သုံးဆင့်စလုံးစစ်ဆေးပြီးစီးသွားတာပါ။ သူပြီးရင်တော့ တရားလိုဘက်က တင်ထားတဲ့ သက်သေတွေကို ထပ်စစ်ရမှာဖြစ်ပါတယ်”ဟု ကိုဆွေဝင်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောကြားသည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူဦးကျော်မျိုးရွှေက သက်သေ ၁၃ ဦးတင်ပြထားရာ လာမည့် ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်နေ့တို့မှစတင်ကာ ထိုသက်သေများကို စစ်ဆေးမည်ဖြစ်သည်။

မြန်မာနောင်းသတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်းသည် အမျိုးဘာသာသာသနာတော် စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ခဲ့သူ ဦးဝီရသူကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်သည်ဟုဆိုကာ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃ အရ အရေးယူပေးရန် မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းတွင် တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကိုဆွေဝင်းသည် ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဆရာတော်ဦးဝီရသူ ပါရာဇိက ကျသွားပြီဖြစ်ကြောင်းသိရသည်ဟု ရေးသားခဲ့သည့်အပေါ် ဆရာတော်ဦးဝီရသူ၏ ဒါယကာတစ်ဦးဖြစ်သည့် ဦးကျော်မျိုးရွှေက ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်နေ့ညက မဟာအောင်မြေမြို့နယ်၊ အမှတ် (၇) နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ထိုသို့အမှုဖွင့်ထားစဉ် ကိုဆွေဝင်းသည် နိုင်ငံခြားခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ရာမှ ယင်းနှစ် ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ယင်းလေဆိပ်၌ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ မဟာအောင်မြေမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသူဖြစ်သည်။  

M-04

  • VIA