News

POST TYPE

NEWS

ဗကသအဖွဲ့ဝင်နှစ်ဦးကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်
22-Jun-2018



မန္တလေး၊ ဇွန် ၂၁

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသော ဗကသအဖွဲ့ဝင် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့နှစ်ဦးကို အောင်မြေသာစံမြို့နယ် တရားရုံးက ဇွန်လ ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေများကို စစ်ဆေးပြီးစီးသွားပြီဖြစ်ကာ ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို စစ်မေးရန်ရှိသော်လည်း ၎င်းတို့နှစ်ဦးမှာ တရားရုံးကို သပိတ်မှောက်ထားသဖြင့် ပြန်လည်ထုချေဖြေဆိုခြင်းမရှိသောကြောင့် လာမည့်ရုံးချိန်တွင် အပြီးသတ်အမိန့်ချရခြင်းဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် တရားရုံးထံမှသိရသည်။

၎င်းတို့နှစ်ဦးသည် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပိတ်မိနေသည့်ပြည်သူများ လွတ်မြောက်ရေးနှင့် စစ်ပွဲများရပ်တန့်ရေးအတွက် မန္တလေးမြို့တော်ခန်းမအနီး ကျုံးဘေး၌ မေလ ၈ ရက်နေ့ ည ၇ နာရီက ဖယောင်းတိုင်မီးထွန်းကာ ဆုတောင်းပွဲပြုလုပ်ခဲ့သည့်အတွက် အမှတ် ၅ နယ်မြေရဲစခန်းတွင် အမှုဖွင့်ခံခဲ့ရသည်။ 

ယင်းနောက် မေလ ၁၂ ရက်နေ့က ဒိုင်းမွန်းပလာဇာရှေ့တွင် ငြိမ်းချမ်းရေးအတွက် လူထုစစ်တမ်းကောက်ယူရန် ပြင်ဆင်နေစဉ်ဖမ်းဆီးခံခဲ့ရပြီး မေလ ၁၄ ရက်နေ့က အောင်မြေသာစံမြို့နယ်တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်ခဲ့ရာမှ တရားရုံးကို သပိတ်မှောက်ခဲ့ကြသည်။

၎င်းတို့နှင့်အတူ ဆုတောင်းပွဲပြုလုပ်ရာတွင်ပါဝင်ခဲ့သူ ဗကသအဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသည်။  

M-01

  • VIA