News

POST TYPE

NEWS

စည်ပင်သာယာဥပဒေကြမ်း အဆုံးအဖြတ်ရယူသည့် အစီအစဉ်ရွှေ့ဆိုင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်
ရန်ကုန်၊ ဇွန် ၂၁

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆုံးအဖြတ်ရယူမည့် အစီအစဉ်ကို ယနေ့လွှတ်တော်က ရုတ်တရက် ရွှေ့ဆိုင်းလိုက်သည်။

ဇွန်လ ၂၁ ရက်တွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေး၏အစီအစဉ်တွင် အဆိုပါဥပဒေကြမ်းကို အဆုံးအဖြတ်ရယူမည့်အစီအစဉ်အား ထည့်သွင်းဖော်ပြထားသော်လည်း ဇွန်လ ၂၅ ရက်မှ အဆုံးအဖြတ် ဆက်လက်ရယူမည်ဟု ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

အဆိုပါရွှေ့ဆိုင်းမှုကို လွှတ်တော်က မည်သည့်အကြောင်းပြချက်ကြောင့်ဟု ရှင်းပြခဲ့ခြင်းမရှိသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကြမ်းတွင် ပါဝင်သည့် ဒုတိယမြို့တော်ဝန် ခန့်အပ်ရေး၊ ကော်မတီဝင်များ ခန့်အပ်ရေး၊ စည်ပင်သာယာဌာနများ လျှော့ချရေးကိစ္စရပ်များ ပါဝင်ပြီး ယင်းဥပဒေကြမ်းကို လွှတ်တော်တွင် တစ်ချက်ခြင်းဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရန် စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်ရွှေ့ဆိုင်းမှုသည် ရုတ်တရတ်ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်အားလုံး အံ့ဩသွားခဲ့ရပြီး ပြင်ဆင်လာသည့် ဆွေးနွေးမှုများအတွက် အချိန်ကုန်ခဲ့ရသည်ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်ပြောကြားသည်။

ထို့ပြင် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ၉ ဦးမှ ၇ ဦးသို့ လျှော့ချရန်နှင့် ဒုတိယမြို့တော်ဝန်တစ်ဦး ခန့်အပ်ရန် ကိစ္စရပ်များကို ဥပဒေကြမ်းတွင် ထည့်သွင်းသွားရန် ပြင်ဆင်ထားကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“ကျွန်တော်ကတော့ အစီအစဉ်အတိုင်း လုပ်စေချင်တာပေါ့။ မနေ့ညနေကပဲ လွှတ်တော်က အကြောင်းကြားတယ်၊ ဒီနေ့ စည်ပင်ဥပဒေ ဆွေးနွေးဖို့ ရှိတယ်ဆိုတော့။ ကျွန်တော်ကလည်း စည်ပင်ဥပဒေမှာ ဆွေးနွေးဖို့ရှိတော့ ပြင်ဆင်လာတာပေါ့။ ပြင်ဆင်ထားတာတွေက အလကားဖြစ်သွားတာပေါ့။ အဲဒါမှန်းသိရင် ပြင်ဆင်လာမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းအစိုးရက တင်သွင်းထားသည့် စည်ပင်သာယာရေး ဥပဒေကြမ်းကို လွှတ်တော်တွင် ပထမဦးဆုံး ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်သည့်အတွက် ငြင်းခုံရမည့် အခြေအနေများရှိနေပြီး ကန့်ကွက်မည့်ကိုယ်စားလှယ်များ၊ ထောက်ခံသည့် ကိုယ်စားလှယ်များရှိကြောင်း မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

“ဥပဒေကြမ်းအပေါ် ပြင်ဆင်ထားတာတွေရှိတယ် ပြင်ဆင်ထားတဲ့အပေါ်မှာ တစ်ဖက်နဲ့တစ်ဖက်နဲ့ အချေအတင်ဆွေးနွေးရမယ့် အနေအထားတွေက ပထမဦးဆုံးနေ့မှာ ရှိနေပါတယ်။ အဲဒီလိုရှိနေတဲ့ အခက်အခဲတွေကြောင့် ဒီနေ့ကနေ တနင်္လာနေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ စည်ပင်သာယာရေးဥပဒေကြမ်းတွင် ပါဝင်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို စီးပွားရေးအဖွဲ့အစည်းအဖြစ် အပြောင်းအလဲပြုလုပ်မည့်အချက်ကို လွှတ်တော်ကိုယ်စားလှယ်များက အဓိကထား ကန့်ကွက်နေကြခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်က တိုင်းအစိုးရအဖွဲ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်ရန် အချက်များနှင့်ပတ်သက်၍ လွှတ်တော်ပြင်ပတွင် အစည်းအဝေးများ ပြုလုပ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

J-08