News

POST TYPE

NEWS

ရွှေ့ပြောင်းမိသားစုများ ခွဲခြားထားရှိသည့် မူဝါဒ ထရမ့်စွန့်လွှတ်
22-Jun-2018

ဝါရှင်တန်၊ ဇွန် ၂၁ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လူထုဖိအားကြောင့် အလျှော့ပေးခဲ့ရပြီး ရွှေ့ပြောင်းမိသားစုများကို ဖမ်းဆီးထိန်းသိမ်းထားရာတွင် ခွဲခြားထားရှိခြင်း မပြုတော့ဘဲ အတူထားရှိရန် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ် လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အထောက်အထားမရှိသည့် မိဘများနှင့် ကလေးများကိုခွဲခြားထားရှိခြင်းကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုနှင့်ပါ ရင်ဆိုင်ခဲ့ရပြီးနောက် ထရမ့်က သူ့မူဝါဒ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရပြီး တရားစွဲဆိုခံရသည့် မိဘများထံမှ ၎င်းတို့၏ ကလေးများကို ခေါ်ဆောင်ခွဲထုတ်သွားပုံများကြောင့် တုန်လှုပ်မိကြောင်း ထရမ့်က ပြောကြားသည်။

သို့သော်လည်း မူဝါဒကြောင့် ခွဲခြားထိန်းသိမ်းခံရပြီးဖြစ်သည့် မိသားစုများအတွက် မည်သို့စီမံပေးမည် ဆိုခြင်းကိုမူ အမိန့်တွင် ဖော်ပြမထားပေ။

မေလ ၅ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အတွင်း ကလေးငယ် ၂၃၃၂ ဦးကို ၎င်းတို့၏ မိဘ ၂၂၀၆ ဦးနှင့် ခွဲခြားထားရှိခဲ့ကြောင်း အမေရိကန်လူဝင်မှု ကြီးကြပ်ရေးဌာန တာဝန်ရှိသူများက ပြောကြားကြသည်။

“မိသားစုတွေကို အတူထားပေးဖို့အတွက်ပါ။ မိသားစုတွေ တကွဲတပြားစီဖြစ်တာ မြင်ရတာ ကျွန်တော်လည်း သဘောမကျပါဘူး”ဟု ထရမ့်က အမိန့်လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့သော်လည်း နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာသူမည်သူမဆို ပြစ်မှုကြောင်းအရ တရားစွဲဆိုသည့် “လုံးဝသည်းမခံသည့် မူဝါဒ”ကိုမူ ဆက်လက်ကျင့်သုံးသွားမည်ဟု ပြောကြားခဲ့သည်။

သမ္မတကတော် မယ်လာနီယာနှင့် သမီးဖြစ်သူ အီဗန်ကာတို့မှာ ရွှေ့ပြောင်းမိသားစုများ ခွဲခြားထားသည့် မူဝါဒကို အဆုံးသတ်ရေး မိမိကို တောင်းဆိုခဲ့ကြသည်ဟု ထရမ့်က ဆိုသည်။

“နှလုံးသားရှိတဲ့ ဘယ်သူမဆို ဒီကိစ္စအပေါ် စိတ်မကောင်းဖြစ်ကြမှာပါ။ ကျုပ်တို့လည်း မိသားစုတွေ တကွဲတပြားဖြစ်တာကို မမြင်ချင်ပါဘူး”ဟု ထရမ့်က ပြောကြားခဲ့သည်။ 

F-03
 

  • VIA