POST TYPE

NEWS

စစ်ရှောင်အိမ်ထောင်စု ၉၀ ကျော်ကို တန်ဖိုးနည်းအိမ်ရာသို့ ပြောင်းရွှေ့နေရာချ
21-Jun-2018


မြစ်ကြီးနား၊ ဇွန် ၂၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ စစ်ရှောင်စခန်းရှစ်ခုမှ အိမ်ထောင်စု ၉၅ စုကို မိုင်းနားကျေးရွာရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာသို့ ဇွန်လ ၂၀ ရက်နေ့၌ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်​။

အဆိုပါ စစ်ရှောင်မိသားစုများကို ပြောင်းရွှေ့နေရာချထားပေးသည့် တန်ဖိုး နည်းအိမ်ရာသည်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောက်လုပ်ထား ပြီး ပေ ၄၀ဍ္ဍ၆၀ အကျယ်ခြံဝင်းအတွင်း နေအိမ်တစ်လုံးနှင့် ရေတွင်းတစ်တွင်းစီ ပါဝင်ကာ အိမ်တစ်လုံးလျှင် တန်ဖိုးကျပ် သိန်း ၅၀ ရှိ၍ စုစုပေါင်း နေအိမ်အလုံး ၁၀၀ ကို ဆောက်လုပ်လှူဒါန်းပေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ပြောင်းရွှေ့စစ်ရှောင်များ မှာ ဝိုင်းမော်ရှိ လော်ဝေါ် နှစ်ခြင်း အသင်း တော်မှ အိမ်ထောင်စု ၆ စု၊ လော်ဝေါ်အေဂျီ အသင်းတော်မှ အိမ်ထောင်စု ၅ စု၊ သာဂရ သရက်တောစခန်းမှ အိမ်ထောင်စု ၄၄ စု၊ သာဂရလီဆူနှစ်ခြင်းအသင်းမှ အိမ်ထောင်စု ၁ စု၊ ခတ်ချိုစခန်းမှ အိမ်ထောင်စု ၁၁ စု၊ မိုင်းနားကက်သလစ်အသင်းတော်မှ အိမ်ထောင်စု ၁၂ စု၊ မိုင်းနားအေဂျီ အသင်းတော်မှ အိမ်ထောင်စု ၈ စုနှင့် မိုင်းနား ဖွံ့ဖြိုးရေးခြံမှ အိမ်ထောင်စု ၈ စု စုစုပေါင်း အိမ်ထောင်စု ၉၅ စု၊ လူဦးရေ ၄၉၉ ဦးတို့ကို ၎င်းတို့၏ ဆန္ဒသဘောထားစာရင်းကောက်ယူကာ သက်ဆိုင်ရာ စခန်းအသီးသီးမှ မော်တော်ယာဉ်များဖြင့် ဇွန်လ ၁၉ ရက်နေ့မှစတင်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြောင်းရွှေ့နေရာချထားပေးခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။ 

ယင်းအိမ်ရာဝင်းအတွင်း ပြောင်းရွှေ့မိသားစုဝင်များအတွက် ကျန်းမာရေးစောင့် ရှောက်မှုရရှိရန်ဆေးခန်း၊ စာကြည့်တိုက်နှင့် ကလေးပျော်ဂေဟာတို့ထားရှိပြီး ဆက်လက်၍ လိုအပ်သည့် အကူအညီများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောဆိုသည်။

ကေအိုင်အေ၊ ကေအိုင်အိုလက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများရှိ စစ်ဘေးရှောင်စခန်း ၁၆၇ ခု၌ လူဦးရေ ၁၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာနေရကြောင်း ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST) ၏ ထုတ်ပြန်ချက်အရ သိရသည်။

R-06