News

POST TYPE

NEWS

ဖမ်းဆီးခံ မြန်မာရိုက်တာသတင်းထောက်များကို ပြန်လွှတ်ပေးရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ဗာတီကန်စီးတီး၊ ဇွန် ၂၁

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ လာရောက်ခဲ့ဖူးသည့် ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသော မြန်မာရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

“သတင်းအချက်အလက် လွတ်လပ်ခွင့်ဆိုတာ ကာကွယ်ပေးရမယ့် အခွင့်အရေးဖြစ်ပါတယ်။ ရိုဟင်ဂျာအရေးနဲ့မှ မဟုတ်ပါဘူး”ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်က Reuters သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

“လူသိမခံလိုသောကိစ္စများ ဖြစ်နေသည့်နိုင်ငံများသည် မီဒီယာသမားများနှင့် သတင်းစာလွတ်လပ်ခွင့်ကို တားမြစ်လေ့ရှိပါတယ်။ ကျွန်ုပ်တို့ဟာ ဒါကို တိုက်ဖျက်ရမယ်”ဟု ပုပ်ရဟန်းမင်းကြီးကဆိုသည်။ 

အသက် ၂၈ နှစ်အရွယ် သတင်းထောက် ကျော်စိုးဦးနှင့် ၃၂ နှစ်အရွယ် ဝလုံးတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ထိန်းသိမ်းထားခဲ့ကာ ကိုလိုနီခေတ်က ကျင့်သုံးခဲ့သော နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုထားသည်။

ယင်းသို့သော စွဲချက်မျိုးကို အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်၍ရသည်။ 

ဖမ်းဆီးခံရစဉ်က အဆိုပါ သတင်းထောက်နှစ်ဦးသည် ရခိုင်ပြည်နယ်တစ်နေရာရှိ ရိုဟင်ဂျာ (မူရင်းသတင်း၏ အသုံးအနှုန်း) လူငယ်နှင့်အမျိုးသား ၁၀ ဦး အသတ်ခံရခြင်းကိစ္စကို စုံစမ်းဖော်ထုတ်နေကြသည်။

မြန်မာအစိုးရ ပြောခွင့်ရအရာရှိ ဦးဇော်ဌေးကို ပုပ်ရဟန်းမင်းကြီး၏ မှတ်ချက်အား မည်သို့တုံ့ပြန်လိုသနည်းဟုမေးမြန်းရာ အခြားဒီမိုကရေစီနိုင်ငံများကဲ့သို့ တရားစီရင်ရေးသည် လွတ်လပ်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

“လက်ရှိအချိန်မှာ Reuters သတင်းထောက်များအမှုက တရားရုံးမှာ ရောက်နေပါတယ်။ သူတို့ အပြစ်မရှိဘူးဆိုရင် ပြန်လွတ်မှာပါ။ သူတို့ဟာ ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်ခဲ့တယ်ဆိုရင် အပြစ်ပေးခံရမှာပါ”ဟု ၎င်းက ဖြေကြားခဲ့သည်။

တရားရုံး၏ လုပ်ငန်းဆောင်တာများကို အစိုးရက ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိဟု ဦးဇော်ဌေးကဆိုသည်။

Reuters သတင်းထောက်နှစ်ဦးကို ဖမ်းဆီးထားခြင်းနှင့် ဆက်စပ်သော အခြေအနေများကို ရှင်းလင်းစေသင့်ကြောင်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောကြားသွားသည်။

F-02