News

POST TYPE

NEWS

နောင်တုံကန်ပတ်လမ်းတစ်လျှောက်ရှိ ကျူးကျော်ဈေးဆိုင်များကို အရေးယူမည်


ကျိုင်းတုံ၊ ဇွန် ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ ကျက်သရေဆောင် နောင်တုံကန်ပတ်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းချနေသူများအနေနှင့် မဖယ်ရှားပါက အရေးယူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“ကန်ပတ်လမ်း ပလက်ဖောင်းပေါ်မှာက ကျန်းမာရေးအရ လမ်းလျှောက်တဲ့သူတွေ လမ်းလျှောက်လို့မရအောင် ဈေးဆိုင်ခုံတွေက ခင်းထားကြတယ်။ ပူးပေါင်းအဖွဲ့နဲ့ ကွင်းဆင်းပြီး ပြောကြားထားလို့ တချို့ဆိုင်တွေက ဖျက်သိမ်းကြတယ်။ တချို့ဆိုင်တွေက အခုထိနားမထောင်ကြလို့ ဒီနေ့စာထုတ်ထားတယ်။ သုံးကြိမ်အထိ စာထုတ်ပြီးလို့မှမရရင် ဥပဒေအရ အရေးယူမှာပါ”ဟု အဆိုပါစည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ကျိုင်းတုံမြို့အလယ်ရှိ နောင်တုံကန်ကြီးသည် ဧက ၇၀ ခန့်ကျယ်ဝန်းပြီး ကန်ပတ်လည်ရှိ ပလက်ဖောင်းများ တစ်လျှောက်တွင် စားသောက်ဆိုင်များနှင့် အသားကင်အရောင်းဆိုင်များရှိရာ ကျန်းမာရေးအရ လမ်းလျှောက်သူများနှင့် ခရီးသွားဧည့်သည်များအနေနှင့် အဆိုပါ ဈေးဆိုင်ခုံများကို ရှောင်ကွင်း၍ လမ်းလျှောက်နေရကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

R-16