News

POST TYPE

NEWS

ရွှေတောင်ဦးဘုရားမှ မျောက်ကိုက်၍ ကျောင်းသားတစ်ဦး ဒဏ်ရာရ
20-Jun-2018

မုံရွာ၊ ဇွန် ၁၉

ချင်းတွင်းမြစ် တစ်ဖက်ကမ်း ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးဘုရားရှိ တိရစ္ဆာန်ရုံတွင် မွေးမြူထားသည့် မျောက်များအနက်မှ လွတ်နေသည့် မျောက်တစ်ကောင်က ဘုရားဖူးလာသည့် အထက်တန်း ကျောင်းသားတစ်ဦးကို ကိုက်ခဲ့ရာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ကောင်ရေ ၃၀ ခန့်ရှိသော မျောက်များကို လှောင်အိမ်ဖြင့်မွေးထားသော်လည်း အပြင်လွတ်နေသည့် မျောက်တစ်အုပ်မှ မျောက်တစ်ကောင်သည် ဘုရားဖူးလာသော အထက်တန်းကျောင်းသားများအဖွဲ့မှ ကျောင်းသားတစ်ဦးကို ဇွန်လ ၁၆ ရက်နေ့က ကိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်း တိရစ္ဆာန်ရုံမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမင်းသိန်းကျော်က ပြောကြားသည်။ 

“ကားနှစ်စီးနဲ့လာတဲ့ ကျောင်းသားတွေပါ။ ဆရာတွေလည်းပါတယ်။ ရှေ့ကအဖွဲ့က မျောက်တွေကို စသွားတော့ နောက်ကလူ ကိုက်ခံရတာ။ တစ်ခါတစ်ရံ ကိုက်တာမျိုးတွေရှိတယ်။ မွေးတာက ဘုရားဖူးတွေ စည်ကားအောင် အရင်လူတွေ မွေးခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါတိရစ္ဆာန်ရုံတွင် ဝက်ဝံ၊ မျောက်၊ သမင်၊ ယုန်နှင့် ငန်းများကို မွေးမြူထားပြီး အစကမျောက်အနည်းငယ်သာရှိခဲ့ရာမှ ပွားလာခြင်းဖြစ်ကြောင်း ယင်းဘုရားအုပ်ချုပ်ရေးမှူး ဦးပေါပိုက ပြောကြားသည်။ 

R-08


  • VIA